ဧရာဝတီတိုင်းမ်
(တနင်္သာရီ)၊ ဇန်နဝါရီလ ၃၀ ရက်
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ မရင်းကြီးရွာအတွင်းသို့ တပ်စွဲရန်ရောက်ရှိလာသည့် စစ်ကောင် စီစစ်ကြောင်းနှင့် တနင်္သာရီပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက် နံနက် ၁၁ နာရီဝန်းကျင်က ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်မှ စတင်၍ စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး မရင်းကြီးကျေးရွာသို့အင်အားဖြည့်လာသည့် ခမရ(၅၅၇)နှင့် အမြောက်တပ် အမတ (၃၀၆)မှ အင်အား ၄၀ ပါစစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီ (ပကဖ) ထံက သိရသည်။
“စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိတယ်။ အတိအကျတော့ အတည်မပြုနိုင်သေးဘူး။ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေတာမို့ တပ်ကူလာပြီး စခန်းချတဲ့သဘောပါ။ အင်အားကတော့ ၄၀ ဝန်းကျင်လောက်ပါတယ်။ ခမရ (၅၅၈) တပ်ကနေပြီး သမုတ်ချုံး ရွာထဲကို လက်နက်ကြီးနဲ့ပစ်လို့ နေအိမ်တစ်လုံးထိမှန်ပြီး အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရတယ်” ဟု တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီလက်အောက်ခံ ခမရ(၅၅၈) တပ်ရင်းသည် တိုက်ပွဲဖြစ်ခြင်းမရှိသည့် သမုတ်ချုံးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်၏ ပစ်ခနတ်မှုကြောင့် နေအိမ်တစ်လုံး ပျက်စီးကာ ပြည်သူ ၂ ဦးဒဏ်ရာရခဲ့ပြီး မရင်းကြီးရွာနှင့် အနောက်ဘန်လောကျေးရွာမှ ပြည်သူများလည်း တိမ်းရှောင်နေရကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့မှစတင်သည့် ဒေသခံတော်လှန်ရေးပူးပေါင်းအဖွဲ့များ နှင့် စစ်ကောင်စီတပ်တို့၏ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၂၅ ဦးနှင့် အထက်သေဆုံးခဲ့သည်။ စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရှိခဲ့ပြီး ဒေသခံပြည်သူ ၄,၀၀၀ ကျော်မှာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း တနင်္သာရီ(ပကဖ)ထံက သိရသည်။