ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၉ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောနယ် ၊ ထားဝယ်-ထီးခီး ကားလမ်းမကြီးတစ်လျှောက်ရှိ ၀ကုန်း ၊ သင်္ကန်းတုန်း ၊ လိပ်ကြယ်ပြောင် ၊ သရက်ငုတ် ၊ ရမ္မဇူ ၊ ပခက်နှင့် အနီးနားကျေးရွာများမှ ဒေသခံပြည်သူများ လိုက်နာရမည့် အချက် ၃ ချက်ပါ စစ်ရေးအရေးပေါ် အသိပေးချက်အား ဥသြစစ်ကြောင်း မှ ထုတ်ပြန်ထားသည်။
အဆိုပါ စစ်ရေးအသိပေးထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်သည် တိုက်ပွဲအတွင်း အပြစ်မဲ့ပြည်သူများအား လူသားတံဒိုင်းအဖြစ် အသုံးပြုလေ့ရှိသောကြောင့် မိဘပြည်သူများအနေဖြင့် ကျေးရွာများအတွင်း၌ ခိုအောင်းမနေကြဘဲ တိုက်ပွဲမဖြစ်ပွားမီ ဘေးလွတ်ရာသို့ အမြန်ဆုံးနည်းဖြင့် တစ်သွေမတိမ်း ရှောင်တိမ်းကြရန် တိုက်ပွဲဖြစ်ပွါးစဉ် လက်နက်သံကြားရာသို့ သွားရောက်ကြည့်ရှုခြင်း ၊ စစ်မြေပြင်အတွင်း ဖြတ်သန်းသွားလာခြင်းများ လုံးဝ(လုံးဝ)မပြုလုပ်ကြရန်နှင့် တိုက်ပွဲဖြစ်ပြီးချိန်တွင်လည်း မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်များ နယ်မြေရှင်းလင်းပြီးစီး၍ “ဥဩစစ်ကြောင်း” လူမှုကွန်ယက်စာမျက်နှာမှ တရားဝင်ထုတ်ပြန်ချိန်မှသာ မိမိနေအိမ် ၊ ကျေးရွာများ အတွင်းသို့ ပြန်လည်သွားရောက်ခြင်းပြုကြပါရန် ရေးသားဖော်ပြထားသည်။
ဥသြစစ်ကြောင်းအနေဖြင့် အရေးပေါ်ထုတ်ပြန်ချက်များသည် မိဘပြည်သူများ၏ လုံခြုံရေးအတွက်ရှေးရှုကာ မဖြစ်မနေလိုအပ်ချက်အရ ထုတ်ပြန်ခြင်းသာဖြစ်ပြီး အချက်တိုင်းအား တိကျသေချာစွာ လိုက်နာပူးပေါင်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံထားသည်။
သတိပေးထုတ်ပြန်ချက်များအားလိုက်နာဆောင်ရွက်ခြင်း မရှိခြင်းကြောင့်ဖြစ်ပေါ်လာသော ကိစ္စအဝဝသည် ဥသြစစ်ကြောင်းအနေဖြင့် တာဝန်ယူမည်မဟုတ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။