ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၉ ရက်
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့တွင် စစ်ကောင်စီတပ်ကို ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန်က ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ဗိုလ်မှူးတစ်ဦး အပါအဝင် ၆ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
အင်အား ၇၀ ခန့်ရှိ တပ်မ(၄၇)နှင့် ခင်ဦးတပ်ကို ဝက်လက်မှ ထွက်ပြီး စစ်ကြောင်းထိုးလာချိန် လမ်းတွင်စောင့်ပြီး တိုက်ခိုက်ခဲ့ကြောင်း Eagle Guerrilla Force အဖွဲ့ထံမှသိရသည်။
“သူတို့က မနက်ကတည်းက ကင်းပုန်းဝပ်နေတာ။ ညနေပိုင်းမှ အယောက်၃၀ခန့် အရင်ထွက်လာတယ်။ ပြီးတော့ အနောက်ကနေ ၄၀ လောက်က ထပ်ပြီး ထွက်လာချိန် ကျွန်တော်တို့ ပူးပေါင်းအဖွဲ့က ၉၀ မမ တွေနဲ့ပစ်တာ။ ခလရ (၁၁) ဗိုလ်မှူးတစ်ဦးအပါအဝင် ၆ ယောက်လောက်သေတယ်။ အဲ့အရာရှိက စစ်ကြောင်းမှူးဖြစ်ဖို့များတယ်ဗျ။ ၂၈ ရက်နေ့ နေ့လည်ပိုင်း ဆေးရုံမှာ သေသွားတယ်လို့သိရတယ်။ ဒဏ်ရာလဲ အများအပြားရသွားကြတယ်။ နောက်ပြီး သူတို့က ကျွန်တော်တို့ကို ပြန်လည်ပစ်ခတ်ပေမယ့် အထိခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်ဗျ။ ပြီးတော့ ဘေးနားက ရွာကို မီးရှို့ပြီး ထွက်သွားကြတယ်”ဟု Eagle Guerrilla Force အဖွဲ့ခေါင်းဆောင် ဗိုလ်ကောက်ရိုး ကဧရာဝတီတိုင်းမ်ကိုပြောသည်။
Eagle Guerrilla Force အနေဖြင့် စစ်ဆင်ရေးများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ဒရုန်းတစ်စင်းဝယ်ယူနိုင်ရန် စီစဥ်နေပြီး ပြည်တွင်း၊ပြည်ပ အလှူရှင်များအနေဖြင့် ဝိုင်းဝန်းလှူဒါန်းပေးကြရန် Eagle Guerrilla Force အဖွဲ့ခေါင်းဆောင်က ဖိတ်ခေါ်ပြောဆိုထားသည်။
အဆိုပါတိုက်ခိုက်မှုကို Eagle Guerrilla Force တပ်ရင်း(၁၅)၊ တပ်ခွဲ၁နှင့်အတူ ရွှေဘိုခရိုင် တပ်ရင်း၁၊တပ်ရင်း(၂) တို့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း Eagle Guerrilla Force ထံမှ သိရသည်။