ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၉ ရက်
ဧရာ၀တီတိုင်း၊ ဖျာပုံမြို့မှာ မနေ့က ဇန်နဝါရီလ၂၈ရက်နေ့ ညနေ ၆ နာရီအချိန်က စစ်ကောင်စီအလိုကျ ဆောင်ရွက်ပေးနေတဲ့ အမှတ်(၉)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးရိူ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေကနေသိရပါတယ်။
မီးရှို့တိုက်ခိုက်မှုကို Black Joker နှင့် ဖျာပုံPDF (PDFP) တို့ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ရှိ၊မရှိ မသိရသေးပဲ၊ ရုံးအတွင်းရှိ စာရွက်စာတမ်းအချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဖျာပုံ PDFကသတင်းထုတ်ပြန်ထားပါတယ်။
“ညနေပိုင်း မီးလောင်တာ။ ရုံးအတွင်းပိုင်းကို အဓိက လောင်တာပေါ့။ ရုံးမှာရှိတဲ့ မှတ်တမ်းတွေနဲ့စာရွက်စာတန်းတွေတော့မီးထဲပါသွားတယ်။ အခြားကိုကူးစက်တာတော့မရှိပါဘူး။ ရပ်ကွက်ကလဲဝိုင်းငြိမ်းလိုက်ကြတာခဏပဲလောင်တယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဖျာပုံမြို့၊ အမှတ်(၉) ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးဟာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူပေးနေပြီး ၊ ညအချိန်မတော် ဧည့်စာရင်းစစ်တာတွေ၊ ပြည်သူတွေဆီက ငွေညှစ်တာတွေပြုလုပ်နေတာကြောင့် ခုလိုသတိပေးတိုက်ခိုက်တာဖြစ်ပြီး ဖျာပုံမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ဒလန်ဆက်လုပ်နေမယ်ဆိုရင်အသက်ကိုအာမခံမှာမဟုတ်တော့ဘူးလို့ ဖျာပုံ PDF အဖွဲ့၀င်တစ်ဦးက ဆိုပါတယ်။
အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ကလည်း ပထမအကြိမ်ဗုံးခွဲတိုက်ခိုက်ခံရနောက် ၂ လအကြာမှာ ထပ်မံမီးရှို့တိုက်ခိုက်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။