ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၉ ရက်

အာဏာသိမ်းစစ်ကောင်စီ ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲအား NLD ပါတီအနေဖြင့် ခိုင်မာစွာဆန့်ကျင်ကန့်ကွက်နေမည်ဖြစ်ပြီး စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်မည့် လူပုဂ္ဂိုလ် အဖွဲ့အစည်များကိုလည်း နိုင်ငံတော် ပုန်ကန်မှုကျူးလွန်ရာတွင်အားပေးကူညီသူများအဖြစ်သတ်မှတ်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်ကော်မတီမှ ယနေ့ ဇန်နဝါရီ ၂၉ ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ – NLD အဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူလွှတ်တော်၌ မဲဆန္ဒနယ်ပေါင်း ၃၁၅ နေရာ ၊ အမျိုးသားလွှတ်တော်တွင် မဲဆန္ဒနယ်ပေါင်း ၁၆၁ နေရာ ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်များတွင် မဲဆန္ဒနယ်ပေါင်း ၆၁၂ နေရာနှင့် တိုင်းရင်သားလူမျိုးများ ဆိုင်ရာမဲဆန္ဒနယ် ၂၉ နေရာအထိကျင်းပနိုင်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၁၁၇ ဦးကိုရွေးကောက်တင်မြှောက်နိုင်ခဲ့ကြောင်းသိရသည်။

NLD ပါတီ အနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရပါတီ ၁၉ ပါတီအနက် ရာခိုင်နှုန်းအများဆုံးဖြင့် NLD ပါတီမှ အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ခေါ်ယူကာ ရွေးကောက်ခံအစိုးရဖွဲ့စည်းရန်ပြင်ဆင်နေချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စုသည် မဲစာရင်းမှားယွင်းသည်ဟု အကြောင်း ပြကာ တည်ဆဲဥပဒေများကိုချိုးဖောက်၍ နိုင်ငံတော်၏ အာဏာကို အဓမ္မလုယူခဲ့ကြောင်း အဆိုပါ ကြေငြာချက်တွင် ရေးသားဖော်ပြထားသည်။

စစ်ဖက်အာဏာသိမ်းမှုအား ဆန့်ကျင်သည့်ပြည်သူများ၏ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကန့်ကွက်ခဲ့မှု များအား အာဏာလုစစ်ကောင်စီသည် အကြမ်းဖက်ပစ်ခတ်ဖြိုခွဲခြင်း၊ ပါဝင်သူများကိုဖမ်းဆီးခြင်း၊ စစ်ကြောရေး စခန်းများတွင် နှိပ်စက်သတ်ဖြတ်ခြင်း၊ ကျေးရွာများ၊ လူနေအိမ်များ နှင့်လူသားများကိုပါ မီးရှို့ဖျက်ဆီး သတ်ဖြတ်ခြင်း၊ ပြည်သူတို့၏ပိုင်ဆိုင်မှုများကို လုယက်ယူဆောင်ခြင်း စသည့် အကြမ်းဖက်မှု တို့ဖြင့် ရက်စက်စွာ တုံ့ပြန်ခဲ့ပါသည်ဟု NLD ပါတီက ရေးသားဖော်ပြထားသည်။

ထို့အပြင် အာဏာသိမ်းစစ်တပ်သည် ပြည်သူပိုင်နေအိမ် ၃သောင်းခွဲကျော်အား အကြမ်းဖက်လုယက်မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၁,၂၃၂ ဦး အပါအဝင် မတရားဖမ်းဆီးထိမ်းသိမ်းခံထားရသူ စုစုပေါင်း ၁၂,၆၇၀ ဦး ရှိရာ ၃၇၅၈ ဦး ပြန်လည်လွတ်မြောက်လာပြီး ၉၈၁၂ ဦးကျန်ရှိရာတွင် လွှတ်တော်ကိုယ်စားလှယ် ၈၀ ဦး ပါဝင်နေကြောင်း သိရသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လက်မခံသဖြင့် ဥပဒေမဲ့ မဖမ်းဆီးထားစဉ်အတွင်းနှင့် အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၃,၃၄၆ ဦးရှိရာတွင် လွှတ်တော်ကိုယ်စားလှယ် ၂ ဦးပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် ၈၄ ဦး ပါဝင်နေကြောင်း လူ့အခွင့်အရေးချိုးဖေါက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) (National League for Democracy Human Rights Documentary Team) (NLD-HRDT)၏ စာရင်းများကို ကိုးကား၍ ကြေငြာချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် နိုင်ငံတော်အာဏာကို အဓမ္မလုယူသိမ်းပိုက်ထားသည့်ကာလအတွင်း တိုင်းပြည်၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့သည် ဆိုးဝါးစွာကျဆင်းလျက်ရှိနေပြီး ပြည်သူလူထုတို့မှာ အတိဒုက္ခ ရောက်လျက်ရရှိနေသည်ကိုလျစ်လျူရှုကာ ၎င်းတို့အာဏာကို ဆက်လက်ချုပ်ကိုင်နိုင်ရေးအတွက် အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံရေးအရတရားဝင်မှုကို ရယူရန်ကြိုးပမ်းအားထုတ်လျက်ရှိနေသည်ကို မြင်တွေ့နေရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီက ထုတ်ပြန်ကြေငြာထားသည်။