ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇန်နဝါရီလ ၂၉ ရက်
တနသာ်ရီတိုင်း၊ရေဖြူမြို့နယ်၊ကံပေါက်ဒေသ၊ဖားချောင်းကျေးရွာအုပ်စု၊ဆယ်အိမ်စုရွာက တပ်သတင်းပေးဆိုသူအမျိုးသားတစ်ဦးကို ဇန်နဝါရီ ၂၇ ရက် ည ၇ နာရီခွဲဝန်းကျင်က စစ်ကောင်စီတပ်သားတွေက ဝိုင်း ဝန်းထိုးကြိတ်နှိပ်စက်မှုတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ထိုးကြိတ်ခံရသူဟာ တပ်သတင်းပေးလုပ်ဆောင်နေသူ စစ်တပ်ထွက် အသက် ၆၀ အရွယ် ဦးဝင်းထွန်းဆိုသူ ဖြစ်ပြီး သူ့အိမ်အနီးနားမှာ PDF တွေရောက်နေတယ်ဆိုပြီး စစ်ကောင်စီတပ်ကို သတင်းမှားပေးမိတာကနေ ထိုးကြိတ်ခံလိုက်ရတာလို့ဆိုပါတယ်။
တပ်သတင်းပေးရဲ့ သတင်းကြောင့် စစ်ကောင်စီတပ်သားတွေဟာ ဆယ်အိမ်စုရွာနဲ့အနီးတဝိုက်ကို တောနင်းစစ်ကြောင်းထိုးရှာတာတွေလုပ်ခဲ့ပေးမယ့် PDF ကိုမတွေ့လို့ စစ်တပ်ကို သတင်းမှားပေးပြီးအလုပ်ရှုပ်အောင်လုပ်တယ်ဆိုပြီး ထိုးကြိတ်သွားကြတာလို့သိရပါတယ်။
“သူက စစ်တပ်ထွက်ပေါ့၊ သူကရာဘာတောထဲမှာနေတာ။သူနေတဲ့အနီးမှာ PDF တွေရွာကိုရောက်နေတယ်ဆိုပြီး စစ်တပ်ကိုလှမ်းခေါ်လိုက်တာ။စစ်တပ်က ရောက်လာပြီး စစ်ကြောင်းထိုးတောနင်းပြီးရှာတာဘာ PDF မှမရှိဘူး။ အဲ့ဒါကို စစ်တပ်က ငါတို့ကို နင်သက်သက်ပင်ပန်းအောင်လုပ်ပြီးလိမ်ခေါ်ရမလားဆိုပြီး ဝိုင်းထိုးတာ”လို့ ဆယ်အိမ်စုရွာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောပါတယ်။
ထိုးကြိတ်ခံရတဲ့ ဦးဝင်းထွန်းဟာ ဒေသခံရွာသားမဟုတ်ဘဲ တခြားမှ ရွှေ့ပြောင်းလာပြီး ရာဘာခြံတစ်ခြံတွင် အလုပ်လာရောက်လုပ်ကိုင်နေတဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေက ဝိုင်းဝန်းထိုးကြိတ်လိုက်လို့ ဦးဝင်းထွန်းဟာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ည တွင်းချင်းမှာဘဲ မောရဝတီရေတပ်ဆေးရုံကိုအရေးပေါ်တင်ဆောင်ဆေးကုသမှု ခံယူနေရတယ်လို့ ဒေ သခံတွေဆီက သိရပါတယ်။