ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၉ ရက်
ဧရာဝတီတိုင်းမှာ လယ်သမားတွေအတွက် ခွဲတမ်းရတဲ့ ဓါတ်မြေဩဇာအိတ် ၅ သောင်းထုတ်ယူချိန်မှာ တိုင်းစိုက်ပျိုရေးဌာန ဦးစီးမှူး ဦးစိန်မောင်မြင့်က ငွေတောင်းခံတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ကန်ကြီးထောင့်မြို့နယ်မှာရှိတဲ့ ဓာတ်မြေဩဇာစက်ရုံက ထုတ်လုပ်တဲ့ ယူရီးယား (MPE ဆေးအိတ်အဖြူ) ၅ သောင်းကို လယ်သမားတွေ ထုတ်ယူချိန်မှာ ၁ အိတ်ကို ၃၀၀ ကျပ်နှုန်းကောက်ခံခဲ့တာလို့ ဧရာ၀တီတိုင်းအတွင်းက စိုက်ပျိုးရေး ဌာနဝန်ထမ်းတွေက ပြောပါတယ်။
တိုင်းဦးစီးမှူး (တိုင်းစိုက်ပျိုးရေးမန်နေဂျာ) ဦးစိန်မောင်မြင့်က ဓာတ်မြေဩဇာ ၁ အိတ်ကို ၃၀၀ ကျပ်နှုန်းခွဲတမ်းကောက်ယူတာကြောင့် အိတ်ပေါင်း ၅ သောင်းအတွက် ကျပ်သိန်း ၁၅၀ ကို လယ်သမားတွေထံက တောင်းယူခဲ့တာ ဖြစ်ပါတယ်။
“MPE ဆေးအိတ်က တစ်ရာသီကို ၆ ကြိမ်ထုတ်ပေးတယ်၊ တစ်တိုင်းလုံးစာအိတ်ပေါင်း ၅ သောင်းကျော် ထုတ်ရတယ်၊ အဲ့တာကို ၁ အိတ်ကို ငွေ ၃၀၀ သူက ကြားကနေ ကောက်ခံတာ” လို့ အမည်မဖော်လိုတဲ့ စိုက်ပျိုးရေးဌာန ဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဒါ့ပြင် စက်ရုံမှာ MPE ဓါတ်မြေဩဇာ (လယ်သမားအခေါ် ဆေးအိတ်အဖြူ) ထုတ်တဲ့အချိန်မှာ တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့် လွှတ်ထားတဲ့ ငွေဆောင်မြို့က ဦးစီးမှူး ဦးလှိုင်မျိုးသန့်ကလည်း တိုင်းဂျာအတွက်ဆိုပြီး တစ်မြို့နယ်ကို အိတ် ၅၀ ခွဲတမ်းထပ်ယူသွားသေးတယ်လို့ ဆိုပါတယ်။
ခုလိုမျိုး ဓါတ်မြေဩဇာထုတ်ယူချိန်မှာ ငွေကောက်ခံတာ၊ ခွဲတမ်းယူတာနဲ့ပတ်သက်ပြီး ဧရာဝတီတိုင်းမ် သတင်းဌာနအနေနဲ့ တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်ထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါဘူး။