နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဇန်နဝါရီလ ၂၉ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ဒေသခံလူငယ်တွေကို စွပ်စွဲဖမ်းဆီးကာ ငွေတောင်းခံတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တော်လှန်ရေးအင်အားစုတွေနဲ့ပတ်သက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေသခံပြည်သူတွေကို စွပ်စွဲဖမ်းဆီး လေ့ရှိပြီး ပိုက်ဆံပေးနိုင်တဲ့သူတွေကို ပြန်လွှတ်ပေးမယ့် မပေးနိုင်တဲ့ ပြည်သူတွေကိုတော့ ပုဒ်မ ၅၀၅ တပ်ကာ ဖမ်းဆီးထောင်ချလေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
မအူပင်မှာတာဝန်ကျတဲ့ တရားသူကြီးတွေက သူတို့အကျိုးစီးပွားအတွက် စစ်ကောင်စီတပ်က ဖမ်းဆီးလာတဲ့ လူငယ်တွေကို ငွေတောင်းပြီးတော့ ခံဝန်ပုံစံမျိုးလုပ်ပြီး ပြန်လွှတ်ပေးနေတာ အရင်ကလည်းရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အမှတ် ၁၀ ရပ်ကွက်၊ ၁၀ လမ်းမှာနေထိုင်တဲ့ လူငယ်တစ်ဦးကို ဇန်နဝါရီလ ၂၇ ရက်နေ့က စစ်ကောင်စီတပ်သား တွေက ခေါင်းကို အဝတ်စအုပ်ပြီး စစ်ကားပေါ်ကို ဖမ်းခေါ်သွားတာမျိုးတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။
မအူပင်မြို့နယ်အတွင်းက စစ်ကောင်စီတပ်ရဲ့ စွပ်စွဲချက်နဲ့ဖမ်းဆီးခံရတဲ့ ပြည်သူ ၁၀၀ ကျော်ထိရှိကာ အဲ့အထဲက ၇၀ ဦးကတော့ ၁ ဦးကို ငွေ ၁၀ သိန်းပေးလို့ ပြန်လွတ်လာခဲ့သလို ကျန်တဲ့သူတွေကတော့ ဖမ်းဆီး တရားစွဲဆိုတာခံထားရတယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့အသိုင်းဝိုင်းက သိရပါတယ်။