ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၉ ရက်

အိန္ဒိယလေတပ်မှ ဂျက်တိုက်လေယာဉ်နှစ်စင်းဟာ နယူးဒေလီမြို့တော်ရဲ့တောင်ဘက် ကီလိုမီတာ ၃၀၀ ဝန်းကျင်အကွာမှာ လေ့ကျင့်မှုပြုလုပ်နေစဉ် ဝေဟင်အတွင်း တိုက်မိပြီး ပျက်ကျခဲ့တယ်လို့ အခင်းဖြစ်ရာနေရာရှိ ရဲတပ်ဖွဲ့က ပြောပါတယ်။

“လေယာဉ်တစ်စင်း ပျက်ကျတဲ့နေရာကို ကျွန်တော်တို့ ရှာတွေ့ခဲ့ပြီး ပါဟတ်ဂါတောထဲမှာ ​သေဆုံး​နေတဲ့ လေယာဉ်မှူးတစ်ဉီးကို တွေ့ရှိခဲ့ပါတယ်” လို့ ရဲအရာရှိတစ်ဉီးက ပြောပါတယ်။

အခြား ဂျက်တိုက်လေယာဉ်က အခင်းဖြစ်ရာနေရာမှ ခပ်ဝေးဝေးမှာ ပျက်ကျခဲ့ဖွယ်ရှိပြီး ပျက်ကျရနေရာ ရှာဖို့ ကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ခဲ့တယ်လို့ အဆိုပါရဲအရာရှိက ဆိုပါတယ်။

ဒီဖြစ်စဉ်ဟာ အိန္ဒိယလေတပ်ဖွဲ့မှ ဂျက်တိုက်လေယာဉ်တွေရဲ့ မတော်တဆမှုတွေမှာ နောက်ဆုံးအကြိမ် ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း အိန္ဒိယနိုင်ငံရဲ့ တရုတ်နဲ့ အငြင်းပွားနယ်စပ်ဖြစ်တဲ့ အရူနာချယ်လ်ပ ရာဒေ့ရှ်ပြည်နယ်မှာ စစ်ဘက်ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ ကြည်းတပ်စစ်သည်ငါးဉီး သေဆုံးခဲ့ပါတယ်။

တာဝမ်မြို့အနီးမှာ Cheetah ရဟတ်ယာဉ် ပျက်ကျမှုကြောင့် ရဟတ်ယာဉ်မှူး သေဆုံးပြီးနောက် အဆိုပါ ဖြစ်စဉ်ဟာ အရူနာချယ်လ်ပရာဒေ့ရှ်ပြည်နယ်မှာ ဒုတိယမြောက် စစ်ဘက်ရဟတ်ယာဉ် ပျက်ကျမှုဖြစ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ရုရှားနိုင်ငံလုပ် Mi-17 ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေတပ်အ ခြေစိုက်စခန်းတစ်ခုကို သွားရောက်နေတဲ့ အိန္ဒိယစစ်တပ်အကြီးအကဲ ဘီပင်ရာဝတ်အပါအဝင် လူ ၁၃ ဉီး သေဆုံး ခဲ့ပါတယ်။