ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၉ ရက်

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဒလန်အကြီးစားဟု နာမည်ကြီးသူ ရာအိမ်မှူးတစ်ဦးကို ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်၌ မန္တလေးမြို့ပြ ပြောက်ကျားအဖွဲ့က “အောင်စည်တော်စစ်ဆင်ရေး”အဖြစ် ၎င်းနေအိမ်၌ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ၅၆ A လမ်း၊ ၁၁၆လမ်းနှင့် ၁၁၇ လမ်းကြားတွင်နေထိုင်သည့် အနောက် (ညည) ရပ်ကွက် ရာအိမ်မှူး ခင်မောင် ဆိုသူဖြစ်ကြောင်း အောင်စည်တော်စစ်ဆင်ရေးအဖွဲ့ထံမှသိရသည်။

” သူက အုပ်ချုပ်ရေးမှူးရဲ့လူယုံပါ။ စစ်‌ကောင်စီတပ်တွေရဲ့ ဒလန်အကြီးစား ထောက်တိုင်တစ်ဦးပါ။ သူ့လုပ်ရပ် တွေကအောက်တန်းအရမ်းကျတာကြောင့် ကျွန်တော်တို့ အောင်စည်တော် စစ်ဆင်ရေးအနေနဲ့စပြီး ရှင်းလင်းခဲ့တာပါဗျ။ အခု မန္တလေးမှာက အုပ်ချုပ်မှုယန္တရားကို စစ်ကောင်စီဘက်က တိုးမြှင့်နေတာ အားလုံးအသိပါပဲ။ ကျနော်တို့ဘက်ကလည်း အုပ်ချုပ်ခွင့်မခံရဖို့ အစွမ်းကုန် တိုက်ထုတ်ဆန့်ကျင်သွားဖို့ အထူးရည်ရွယ် လုပ်ဆောင်နေပါတယ်ခင်ဗျ။ အဓိက ပစ်မှတ်ကတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားပျက်အောင် လုပ်ဆောင်ဖို့ပါပဲ။ စစ်‌ကောင်စီရဲ့လက်ပါးစေတွေက ပြည်သူ့အိုးအိမ်ကို အကြောင်းမဲ့ ဖျက်ဆီးနေတာတွေအတွက် အဓိက သတင်းပေးဒလန်တွေဟာ အုပ်ချုပ်ရေးမှုးနဲ့ ပျူဒလန်တွေဖြစ်နေတာကြောင့် ဒါကို အဓိကဦးတည်တိုက်ခိုက်သွားမှာပါ”ဟု အောင်စည်တော်စစ်ဆင်ရေးအဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

၎င်းကပင် ဆက်လက်၍ “အဓိက ပြောချင်တာက ပြည်သူတွေကို မတရားမှုအောက်က အမြန်ဆုံး လွတ်မြောက်နိုင်ဖို့ မန္တလေးမြို့ပေါ်မှာ ဗိုလ်ကျစိုးမိုးမှုတွေ အမြန်ဆုံး ကင်းစင်နိုင်ဖို့ ကျနော်တို့ မန္တလေးသားတွေ ကိုယ်တိုင် တိုက်ပွဲဝင်နေတယ်ဆိုတာ မန္တလေးမိဘ ပြည်သူတွေကို အသိပေးချင်တယ်၊ ကျတော့်တို့အဖွဲ့အနေနဲ့က ပြည်သူ့အားနဲ့ စစ်ကောင်စီကို တိုက်ထုတ်ရမှာဖြစ်လို့ ပြည်သူတွေ ကမိမိရဲ့ မြို့သား ရဲဘော်များကို အထူးစောင့်ရှောက်ကြဖို့”ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးကို မြို့ပြပျောက်ကြားအဖွဲ့များက နေအိမ်တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။