ဧရာဝတီတိုင်းမ်
(နတ်တလင်း)၊ ဇန်နဝါရီလ ၂၉ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၌ ဇန်နဝါရီလ ၂၆ ရက်နေ့နှင့်၂၇ ရက်နေ့တို့တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း Phoenix D Fအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

နတ်တလင်းမြို့အရှေ့ဘက်တောင်ညိုဆည်ဘက်သို့ ထွက်ခွာလာသည့် အင်အား ၂၀ ဝန်းကျင်ရှိ စစ်ကောင်စီ စစ်ကြောင်းအား ဇန်နဝါရီလ ၂၆ ရက်တွင် Phoenix D Fနှင့်ပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၆ ဦးထက်မနည်းဒဏ်ရာရရှိကာ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ဇန်နဝါရီလ ၂၇ ရက်တွင်လည်း ပေါင်းတည်မြို့ဘက်မှ နတ်တလင်းမြို့နယ်ဘက်သို့ စစ်ကူထွက်လာသည့် အင်အား ၃၅ ဦးပါ စစ်ကောင်စီစစ်ကြောင်းအား ပျဉ်းမခေါင်ရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦးမှာနေရာ၌ပင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

“တိုက်ပွဲက ၂ ရက်ဆက်ဖြစ်ပွားခဲ့တာ။ ဝောာင်ညိုဆည်ဘက်မှာ စစ်ကောင်စီရဲ့ ဘိုးကြီးစခန်းဆိုတာရှိတယ်။ အဲ့ဒီကိုအင်အားဖြည့်ဖို့ စစ်ကြောင်းလာတာ။ အဲ့ဒီစစ်ကြောင်းနဲ့တိုက်ပွဲဖြစ်ခဲ့ပြီး ၂၇ ရက်မှာ ထပ်ပြီးစစ်ကူလာတဲ့ စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ”ဟု Phoenix D F အဖွဲ့တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ခိုက်မှုအတွင်း ပျဉ်းမခေါင်ကျေးရွာမှ ဒေသခံ ရွာသာများကို ပေါ်တာဆွဲကာ အလောင်းများ၊ ဒဏ်ရာရလူနာများအားအတင်းအဓမ္မထမ်းခိုင်း၍ ခေါ်ဆောင်သွားသည်ဟု သိရှိရပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများအနေဖြင့် စစ်ကြောင်းနှင့်ဝေးရာတွင်နေထိုင်ကြရန် Phoenix D Fအဖွဲ့မှ သတိပေးထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုအား သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁တပ်ခွဲများဖြစ်သည့် တပ်ခွဲ (၁) Zigon PDF၊ တပ်ခွဲ (၂) Phoenix DF (Nattalin PDF)၊ တပ်ခွဲ (၃) နတ်စစ်သည် နှင့် တပ်ခွဲ (၄) MRF- Nattalin တို့ ပူပေါင်းတိုက်ခိုက်ခဲ့ကြောင်း Phoenix DF (Nattalin PDF)ထံမှ သိရသည်။