ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၈ ရက်
ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) က ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်း ဖမ်းဆီးရမိထားသည့် ရှမ်းပြည်နယ် ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)၏ စစ်သုံ့ပန်း ၁၁ ဦးကို TNLA ၏ ထိန်းချုပ်နယ်မြေတစ်နေရာတွင် ယနေ့ ဇန်နဝါရီလ ၂၈ရက် နံနက်ပိုင်း ၉နာရီ ၃၀ မိနစ် ဝန်းကျင်က အခမ်းအနားဖြင့် မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့ဝင်များဖြစ်ကြသည့် စစ်သုံ့ပန်း ၁၁ ဦးကို လွန်ခဲ့သည့် ၂၀၂၀ ခုနှစ်၊ ၂၀၂၁ ခုနှစ်အတွင်းက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း TNLA အရာရှိက မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံသည့် အခမ်းအနားတွင် ပြောကြားသည်။
” PSLF/ TNLA အနေနဲ့ နှစ်စဥ်နှစ်တိုင်းမှာ စစ်သုံ့ပန်းတွေအပါအဝင် ဖမ်းဆီးရမိသူတွေကို ပြန်လည်လွှတ်ပေးလေ့ရှိပါတယ်။ စစ်သုံ့ပန်းတွေအနေနဲ့ RCSS တပ်ဖွဲ့တွေဆီ ပြန်ပြီး ပတ်သက် ဆက်နွယ်တာမျိုးမလုပ်ဘဲ ပြည်သူလူထု အနေနဲ့သာ နေထိုင်သွား စေချင်တယ်။ နောက်နောင်အလားတူ ပြစ်မှုမျိုးနဲ့ ဖမ်းဆီးမိရင် ကြီးလေးတဲ့ ပြစ်ဒဏ်တွေနဲ့ အရေးယူသွားမယ်”ဟု TNLA အရာရှိက ပြောသည်။
RCSS တပ်သား စစ်သုံ့ပန်းများသည် ကျောက်မဲ၊ နောင်ချို၊ မူဆယ်၊ မိုင်းငေါ့၊ လဲချား၊ သီပေါနှင့် နောင်တောင်းတို့မှ ဒေသခံများဖြစ်ကြပြီး အဆိုပါ စစ်သုံ့ပန်း ၁၁ ဦးအပြင် တအာင်း(ပလောင်)ဒေသတွင် PSLF/TNLA၏ ဥပဒေများကို ချိုးဖောက်၍ အကျဥ်းထောင်ကျခံနေရသည့် အခြားသော ပြစ်မှုမြောက်သူ ၈ ဦးကိုပါ လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့