ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၈ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံကမ်းခြေဒေသရှိ ကမ်းခြေမြေများကို စစ်တပ်ပိုင်မြေဟုဆိုကာ သိမ်းဆည်းခံထားရသည့် မြေဧက ၂၀၀၀ ကျော်အား စစ်ကောင်စီလက်အောက်ရှိ Non-CDM ဝန်ထမ်းများက ပြန်လည်ရောင်းစားမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်မြို့နယ်၊ ရွှေသောင်ယံကမ်းခြေဒေသရှိ ဂျိတ်လက်၊ သဘော့ကန်၊ ဘောမိ၊ ဂျိုင်လယ်၊ အလယ်ချောင်းကျေးရွာများရှိ ဒေသခံများ၏ ကမ်းခြေမြေဧက ၂၀၀၀ ကျော်ကို စစ်တပ်ပိုင်မြေဟုဆိုကာ သိမ်းဆည်းထားပြီး အဆိုပါမြေယာ၊ လယ်နှင့် တောင်များကို စစ်ကောင်စီနှင့်ပေါင်း၍ Non – CDM ဝန်ထမ်းများက ပြန်လည်ရောင်းချနေကြောင်း ဒေသခံများက ပြောသည်။

“မနှစ်က ရွှေသောင်ယံကမ်းခြေ မကျီးဇင်ဘက်ခြမ်းက ဂျိတ်လက်၊ သဘော့ကန်၊ ဘောမိ၊ဂျိုင်လယ်၊အလယ်ချောင်းရွာတွေက ဒေသခံတွေရဲ့ မြေတွေကို စစ်တပ်ပိုင်ဆိုပြီး သိမ်းလိုက်တယ်။ ဂျိတ်လက်တစ်ရွာတည်းတင် ဧက ၁၀၀၀ လောက်ရှိတယ်။ မြေပုံပေါ်မှာတင် ဒီနေရာက စစ်တပ်ပိုင်တယ်ဆိုပြီး သိမ်းသွားတာပဲ။ အမှန်က ဒေသခံတွေရဲ့ ဘိုးဘွားပိုင်မြေတွေပါ။ တောင်တွေရော မြေတွေရော လယ်တွေရော အကုန်ပါပဲ။ အဲ့တာတွေကို ခုလိုင်းပေါ်မှာတင်ရောင်းနေတာ။ ကမ်းခြေဘက်ခြမ်းက မြေတွေ တောင်တွေဆို ၁ ဧကကို သိန်းထောင်ဂဏန်းအထိ တန်ကြေးရှိတယ်” ဟု ရွှေသောင်ယံမြို့မှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ သိမ်းဆည်းခံ မြေယာများကို လူမှုကွန်ရက်စာမျက်နှာများပေါ်မှတဆင့်လည်းကောင်း စစ်ကောင်စီလက်အောက်ခံ မြေစာရင်းဝန်ထမ်းများက ဝယ်လက်ရှာ၍လည်းကောင်း ရောင်းချနေကြောင်း ဒေသခံများက ပြောသည်။

“အရင်ကဆို လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် ဝယ်သူသိပ်မရှိပါဘူး။ NLD အစိုးရလက်ထက်မှ အရင်ကထက် သွားရေးလာရေးအဆင်ပြေလာတာ။ ခုအာဏာသိမ်းပြီး စစ်တပ်ပိုင်ဆိုပြီး သိမ်းလိုက်ကြရုံတင် မဟုတ်ဘူး၊ ရောင်းပါစားနေကြပြီ။ မြေစာရင်းကလူတွေကိုယ်တိုင်က ဝယ်သူခေါ်လာပြီး ရောင်းနေတာတွေလည်း ရှိတယ်။ လိုင်းပေါ်တင်ပြီး ရောင်းစားနေတာလည်း ရှိတယ်။ ပိုင်ရှင်တွေကတော့ စိတ်မကောင်းကြဘူး”ဟု ရွှေသောင်ယံကမ်းခြေမှ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ဒေသများသည် ယခင်က လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဒေသများဖြစ်ပြီး NLD ပါတီ၏ အရပ်သားအစိုးရလက်ထက်ရောက်မှသာ ကမ်းခြေပတ်လမ်း စီမံကိန်းကြောင့် လမ်းပန်းဆက်သွယ်ရေး အတန်အသင့်ကောင်းမွန်လာသည့်ဒေသများဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“စစ်တပ်နဲ့ အပေါင်းအပါတွေကတော့ လုပ်ချင်တိုင်းလုပ်နေကြတာပဲ။ စစ်အာဏာသိမ်းထားသရွေ့တော့ ပြည်သူပိုင် ပစ္စည်းဥစ္စာတွေကို မတရားတဲ့နည်းလမ်းမျိုးစုံနဲ့ သိမ်းပိုက်နေကြဦးမှာပါ။ ကိုယ့်စည်းစိမ်ဥစ္စာ ထိခိုက်လာမှ တော်လှန်မယ် မလုပ်ကြပါနဲ့။ လက်ရှိတော်လှန်ရေးအတွက် တတ်နိုင်တဲ့ဘက်ကနေ တတ်နိုင်သလောက် ရသလောက်ကူညီပေးကြပါ။ အသက်ပေးပြီး တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးရဲဘော်တွေအတွက် လှူဒါန်းပေးကြပါလို့ တိုက်တွန်းပါရစေ” ဟု ပုသိမ်မြို့ခံ PDF တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရွှေသောင်ယံကမ်းခြေတွင် ယခင်စစ်အစိုးရလက်ထက်ကလည်း ကမ်းခြေဧက ၃၀ ထက်မနည်းအား စစ်တပ်က သိမ်းဆည်းကာ ခြံခတ်ထားပြီး အဆိုပါကမ်းခြေသို့ စစ်တပ်မှ အရာရှိအကြီးအကဲများ လာရောက်အနားယူလေ့ရှိကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။