ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၈ ရက်
ဧရာဝတီတိုင်းဒေသကြီးတွင် ပြည်ပတင်ပို့ရန် စပါးဝယ်ယူသူများပြားနေသဖြင့် ဇန်နဝါရီလအတွင်း စပါး (အကြမ်း) ဈေး တင်း ၁၀၀ လျှင်ကျပ် ၁၅ သိန်းကျော် အထိ စံချိန်တင်စျေးမြှင့်တက်နေကြောင်း သတင်းရရှိသည်။
စပါးအကြမ်းစျေးနှုန်းများမှာ ဒေသအပေါ်မူတည်၍ ယမန်နှစ်က ၇ သိန်းမှ ၁၀ သိန်းအထိ ပေါက်စျေး ရှိခဲ့သော်လည်း ယခုနှစ်တွင် လက်ကျန်စပါး နည်းပါးခြင်း၊ ပြည်ပသို့ စပါးတင်ပို့မှုများပြားနေ၍ ဝယ်ယူသူ များပြားနေခြင်းကြောင့် စပါးအကြမ်း တင်း ၁၀၀ လျှင် ကျပ် ၁၅ သိန်းအထိ စံချိန်တင် မြင့်တက်နေခြင်း ဖြစ်သည်။
“လက်ရှိ စပါး(အကြမ်း)အုပ်စုထဲမှာ ဆင်းသုခနဲ့ ကရင်မ(ဒေသခေါ်စပါးအကြမ်း) က အဝယ်တအားလိုက်တော့ ဈေးက အရမ်းမြှင့်တက်လာတယ်။ အရင်က ဆင်းသုခက အကြမ်းစပါးထဲမှာ အမြင့်ဆုံးပေါ့။ အခုက ကရင်မစပါးကို ကုန်သည်တွေက ပိုပြီးဈေးပေးဝယ်လာတယ်။ အိတ်စပို့တင်တာ ဆန်လှတယ်ဆိုပြီး တော့ အကြမ်းစပါးကို ဈေးမတရား ပေး ဝယ်လာကြတော့ သူ့နောက်က အခြားစပါးဈေးတွေလဲ ဈေးက တက်ပြီးသားလို ဖြစ်နေတာ။ လက်ရှိအချိန်မှာလဲ နွေစပါးကလဲ မပေါ်သေး မိုးစပါးက ပစ္စည်း ပြတ်နေတော့ ဝယ်လှောင်ထားတဲ့သူတွေဆီမှာ ပုံတိုက်ပြန်ဝယ်ရသလို ဖြစ်နေတော့ တနေ့ထက်တနေ့ ဈေးက ပိုပြီးတက်နေတာ”ဟု ဓနုဖြူမြို့နယ်မှ ကုန်သည်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စပါးတစ်တင်းကို ပေါင် ၅၀ ဖြစ်ဝယ်ပြီး၊စပါးစိုလျှင် ပေါင်ပိုပေးရတာကြောင့် တောင်သူအများစုမှာ စပါးကို ခြောက်အောင် နေလှန်းပြီးမှသာလျှင် ရောင်းချကြောင်း၊ လယ်သမားများမှာ စပါးလှန်းခ အလုပ်သမားဈေး ပိုပေးရကာ နေလှန်းပြီး ဈေးပိုပေးနိုင်သောကုန်သည်များကိုသာ ရောင်းချနေကြောင်း သိရသည်။
“ကျတော်တို့ တောင်သူတွေကလည်း သွင်းအားစု ဈေးက သုံးဆလောက် တက်တာရယ်၊ စပါးကို အခြောက်ရောင်းမှ ဈေးက ပိုရတယ်။ အဲ့ဒါကြောင့် ယခင်ပေါက်ဈေးထက် ပိုရမှ ထုတ်ရောင်းဖို့ ဖြစ်နိုင်မယ်။ စပါးအစိုဆိုရင် ကုန်သည်က ပေါင်တွေ ပိုယူတာရယ် ပေါင်တွေက ခိုးတာရယ်ကြောင့် မလွယ်ဘူး။ စပါးရိတ်တော့လည်း ရိတ်ခြွေစက်က တစ်ဧက ကို ၉သောင်းဝန်းကျင် ဖြစ်နေတော့ ကျတော်တို့ ရတဲ့စပါးဈေးက ကိုက်ရုံလောက်ဘဲရှိပါတယ်ဗျာ”ဟု ပန်းတနော်မြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။