ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၈ ရက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပဒိုင်းခြုံကျေးရွာအနီးရှိ Myanmar Effort Company Limited အထည်ချုပ်စက်ရုံမှ မန်နေဂျာ ဦးမျိုးဇင်ဝင်းနှင့် တရုတ်နိုင်ငံသားအမျိုးသမီး တစ်ဦးကို ဇန်နဝါရီလ ၂၆ ရက်နေ့ မနက်ပိုင်းက အမည်မသိလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်းသွားကြောင်း သတင်းရရှိသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ မနက်ပိုင်းက Myanmar Effort Company Limited အထည်ချုပ်စက်ရုံမှ မန်နေဂျာ ဦးမျိုးဇင်ဝင်းနှင့် တရုတ်နိုင်ငံသားအမျိုးသမီး Ms.GU ZHEN ZHEN တို့ကို လက်နက်ကိုင်ဆောင်ထားသူ ၃ ဦးက အထည်ချုပ်စက်ရုံအတွင်း ဝင်ရောက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ဆက်သွယ်မေးမြန်းကြည့်ရာ” အဲ့ဒီလူတွေ ဖမ်းဆီးခံရတာ ဘာ်အဖွဲ့ကဖမ်းဆီးသွားတယ်ဆိုတာ လက်ရှိအချိန်အထိကျွန်တော်တို့လည်းမသိရှိသေးပါဘူး။ ဘယ်လက်နက်ကိုင်အဖွဲ့ဆိုတာကိုလည်း ကျွန်တော်တို့လည်း စုံစမ်းနေတုန်းပါပဲ။ စစ်ကောင်စီဘက်ကတော့ အခြေအမြစ်မရှိတဲ့ သတင်းတွေ ဖြန့်နေအုံးမှာပါပဲ” ဟု ပခုက္ကူမြို့နယ်အတွင်းက PDF တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

၎င်းတို့ ဖမ်းဆီးခံရမှုအပေါ် PDF တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ကျပ်သိန်း ၁၀၀၀၀ ကို အသင့်ပြင်ဆင်ထားရန် ဖုန်းဖြင့်ဆက်သွယ်လာခဲ့ကြောင်း စစ်ကောင်စီက ၎င်းတို့၏ ဝါဒဖြန့်မီဒီယာများမှတဆင့် စွပ်စွဲရေးသားထုတ်ပြန်ထားသည်။

Myanmar Effort Company Limited အထည်ချုပ်စက်ရုံသည် တရုတ်နိုင်ငံသားအမျိုးသမီးပိုင် စက်ရုံဖြစ်ပြီး ၂၀၂၂ ခုနှစ် ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့တွင် အထည်ချုပ်အလုပ်သမားများကို မပျက်မကွက်လာရောက် အလုပ်ဆင်းခိုင်းကာ မုန့်ဖိုးတစ်ထောင်ကျပ်စီပေး၍ အတင်းအဓမ္မ ရေကစားခိုင်းစေမှုကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ အသံမိုင်းဖြင့် ဖောက်ခွဲသတိပေးခဲ့ကြောင်း ဒေသခံများထံကသိရသည်။

ထို့အပြင် အဆိုပါအထည်ချုပ်စက်ရုံတွင် တရုတ်နိုင်ငံသား အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦး အပါအဝင် အထည်ချုပ်လုပ်သား အမျိုးသား ၃၁၅ ဦး၊ အမျိုးသမီး ၇၈၅ ဦး စုစုပေါင်း ၁၁၀၀ ဦးလုပ်ကိုင်လျှက်ရှိကြောင်း အဆိုပါ အထည်ချုပ်စက်ရုံနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

#ပခုက္ကူ #တရုတ်နိုင်ငံသား #အထည်ချုပ်စက်ရုံ #မန်နေဂျာ #တရုတ်အမျိုးသမီး #အမည်မသိ #လက်နက်ကိုင် #ဖမ်းဆီး
#Ayeyarwaddy_Times