ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၈ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဇန်နဝါရီလ ၂၃ ရက်နေ့က တိုက်ပွဲတွေဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီ တပ်က ဆေးကုသဖို့အတွက် အေးမြသာယာကျေးရွာက ဆရာဝန်တစ်ဦးကို လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တာဝါတိုင်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခံရပြီး အထိခိုက် များလို့ အေးမြသာယာက ဆရာဝန်ကို ကုသပေးဖို့လာခေါ်သွားပြီးနောက်ပိုင်း အဆက်သွယ်မရတော့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ တိုက်ပွဲက ညပိုင်းဖြစ်တာ အဲ့ညဖြစ်ပြီး ၂ နာရီလောက်အကြာမှာပဲ ဆရာဝန်ကို လာခေါ်သွားတာ၊ အဲ့နောက်ပိုင်း အဆက်သွယ်မရတော့တာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
တိုက်ပွဲတွေဖြစ်ပွားပြီး နောက်တစ်နေ့မှာပဲ စစ်ကောင်စီတပ်ဘက်က အင်အားအများပြားနဲ့ ကျေးရွာတွေကို အင်အားဖြည့်တင်းတာတွေပြုလုပ်လာသလို အစစ်ဆေးတွေလည်း ပိုမိုပြုလုပ်လာတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် ဖားကန်မြို့နယ်၊ မဇွပ်ယန်ကျေးရွာက ပြည်သူတွေရွေးချယ်ခန့်အပ်ထားတဲ့ ရာအိမ်မှူးတစ်ဦးကိုလည်း ဇန်နဝါရီလ ၂၆ ရက်နေ့က အမည်မသိလက်နက်ကိုင်အဖွဲ့က ဝင်ရောက်ဖမ်းဆီးသွားသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။