ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၈ ရက်
မကွေးတိုင်း၊ ရေစကြိုမြို့နယ် နေရှင်နယ်လက်ဖက်ရည်ဆိုင်တွင် ယမန်နေ့ ဇန်နဝါရီလ၂၇ ရက်နေ့မနက် ၈ နာရီဝန်းကျင်အချိန်၌ အစည်းဝေးလုပ်နေသည့် ပျူစောထီးအဖွဲ့ကို Myingyan Black Tiger (MBT)အဖွဲ့က သေနတ်ဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ ပျူစောထီးအဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ကြောင်းသတင်းရရှိသည်။
အဆိုပါ လက်ဖက်ရည်ဆိုင်သည် စစ်မှုထမ်းဟောင်းတစ်ဦးပိုင်ဆိုင်သည့် ဆိုင်ဖြစ်ပြီး ရေစကြိုမြို့၊ အမှတ်(၂) စည်ပင်သာယာရပ်ကွက်တွင်တည်ရှိကာ ၎င်းဆိုင်တွင်ပျူစောထီးခေါင်းဆောင် မြင့်ဆွေ(ခ)မောင်မြင့်အပါအဝင် ပျူစောထီးအဖွဲ့ဝင် ၁၀ဦးထက်မနည်းအား အစည်းအဝေးပြုလုပ်နေချိန်တွင် ကာကွယ်ရေးအဖွဲ့များက သွားရောက်ပစ်ခတ်ခဲ့ကြောင်းMyingyan Black Tiger (MBT)အဖွဲ့ထံမှသိရသည်။
“ကျွန်တော်တို့က သတင်းရလို့ ဒီအတိုင်းပဲ လက်နက်ကိုင်ဆောင်ပြီး ပျူစောထီးအသွင်ယူကာ သွားရောက်ပစ်ခတ်ခဲ့တာ။ နေရာမှာတင် ၂ ဦး သေဆုံးပြီး ဒီနေ့ ဆေးရုံမှာ နောက်ထပ် ၂ ယောက်ထပ်သေတယ်ဗျ။ ပျူခေါင်းဆောင် မြင့်ဆွေကတော့ ဒဏ်ရာပဲရတယ်လို့သိရတယ်။ ပြန်အထွက်မှာ အ.ထ.က (၁) နဲ့ အ.လ.က စာသင်ကျောင်းမှာရှိနေတဲ့ စစ်ကောင်စီအဖွဲ့တွေနဲ့ တိုက်ခဲ့ရသေးတယ်ဗျ။ ဒီမစ်ရှင်က ပြီးခဲ့တဲ့လက ပန်းညိုကျေးရွာကို မီးရှို့ခဲ့လို့ သွေးကြွေးပြန်ဆပ်တဲ့ပွဲပါ။ သူတို့တွေကိုလည်း ကျွန်တော်တို့အဖွဲ့တွေက စိန်ခေါ်ထားပါတယ်။ သတ္တိရှိလို့တိုက်ချင်ရင် လာတိုက် ပြည်သူတွေရဲ့အိမ်တွေကိုတော့ မီးမရှို့ပါနဲ့” ဟု Myingyan Black Tiger (MBT)အဖွဲ့က ဗိုလ်မိုက်ခဲ ကဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT)အဖွဲ့ နှင့်အတူThe Volue of Youngmen ၊ ချောင်းဦးမြို့နယ် (ပလဖ)၊ မုံရွာခရိုင်တပ်ရင်း ၁၂ ၊ တပ်ခွဲ ၄ ၊VOMDY-Fornt Warrior တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း MBT အဖွဲ့ထံမှ သိရသည်။