ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၈ ရက်
လင်းယုန်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့သည် ယခုအခါတွင် အမျိုးသား ညီညွတ်ရေး အစိုးရ(NUG) ကာကွယ်ရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ မိုင်းကြီးများ ကို ဆက်လက် ထုတ်လုပ်မည်ဖြစ်ကာ မှာယူထားသည့် M -16 ပြောင်းများ ရောက်ရှိပါက သေနတ်များကိုပါ ထုတ်လုပ်ရန် အဆင်သင့်ရှိကြောင်း လင်းယုန်ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ထံက သိရသည်။
လင်းယုန်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွင် မီတာ ၁၁၀၀ အထိပစ်နိုင်သော ၈၀ မမ အတို ၅ လက်နှင့် မီတာ ၁၅၀၀ အထိပစ်နိုင်သော ပြောင်းရှည် ၃ လက်အထိရှိနေပြီး ရန်ပုံငွေ အခက်ခဲကြောင့် ထုတ်လုပ်နိုင်မှု နည်းပါးနေကြောင်း လင်းယုန်ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က ဆိုသည်။
လင်းယုန်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ လက်နက် ထုတ်လုပ်ရာတွင် လက်နက်ကြီး ကျည်တစ်ခုလျှင် ငွေကျပ် ခုနစ်သောင်း ကျော်အထိ ယမ်းပေါ်မူတည်၍စျေးရှိနေကြောင်းသိရသည်။
“ဒီဘက်မှာက လက်လုပ်သေနတ် မသုံးကြပါဘူး။ အဓိကကတော့ တာဝေး ပစ်လက်နက်တွေပါ။ ၈၀ မမ ပြောင်းတို၊ ပြောင်းရှည်တွေထုတ်လုပ်ပါတယ်။ အတိုက မီတာ ၁၁၀၀ လောက်ပဲရသေးပါတယ်။ ပြောင်းရှည်ကိုစမ်းတာမှာ အမှားတစ်ခု ဖြစ်သွားတဲ့အတွက် နယ်မြေအခြေနေကြောင့် ပြန်မစမ်းရသေးတာပါ” ဟု လင်းယုန် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ပကဖ ဒုတာဝန်ခံက ဧရာဝတီတိုင်းမ် ကိုပြောသည်။
တာဝေးပစ်များအား ဦးစားပေးထုတ်လုပ်နေသည့် လင်းယုန်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့သည် ၈၀ မမ ပြောင်းတိုများနှင့် ပြောင်ရှည်များ ကိုပါထုတ်လုပ်လျက်ရှိပြီး ပြောင်းတိုများကို တိုက်ပွဲများတွင် အသုံးပြုနေပြီ ဖြစ်ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ် လင်းယုန်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်လုပ်အောင်မြင် ထားသည့် လက်နက်ကြီးများကို လက်ရှိ ဒီမော့ဆို DMO Local PDF တပ်ရင်း G တွင် အသုံးပြု့လျှက်ရှိကာ မိုးဗြဲရွာတိုက်ပွဲ၊ သေးဆူလဲ နှင့် ပူးဖာ တိုက်ပွဲ ၃ ပွဲတွင် အဆိုပါ လက်နက်ကြီးများ အသုံးပြု၍ တိုက်ခိုက်နိုင်ခဲ့ကြောင်းသိရသည်။
#လင်းယုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #မိုင်း #M-16 #သေနတ် #ထုတ်လုပ်
#Ayeyarwaddy_Times