ဧရာဝတီတိုင်းမ်
(တနင်္သာရီ)၊ ဇန်နဝါရီလ ၂၈ ရက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် ဇန်နဝါရီလ ၂၃ ရက်မှ ၂၇ ရက်နေ့အထိ စစ်ကောင်စီတပ်များနှင့် ၅ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၅ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း တနင်္သာရီ ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံကသိရသည်။

မြိတ်မှ တနင်္သာရီဘက်သို့ ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းကို ဇန်နဝါရီလ ၂၃ ရက်တွင် စတင်တိုက်ခိုက်ခဲ့သည့်အပြင်ခမရ ၅၈၈ တပ်ရင်းကိုလည်း ထပ်မံတိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီဘက်မှ အထိနာကာ စတင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တနင်္သာရီ ပကဖ ကပြောသည်။

ဒါ့ပြင် ဇန်နဝါရီလ ၂၄ ရက်မှစတင်ပြီး ၂၇ ရက်နေ့အထိ ဘန်းလမွတ်ရွာ၊ ချောင်းညီကိုကျေးရွာများအနီးတွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် တနင်္သာရီမြို့ပေါ်ရှိ လဝကရုံး၊ ထွေအုပ်ရုံး၊ မြို့မရဲစခန်း၊ တနင်္သာရီတံတားရဲကင်း၊ ဗောဓိကမ်းတံတားစစ်ကောင်စီဂိတ်၊ အော်ကြီးရွာလမ်းဆုံတို့တွင် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒီ ၅ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၅ ဦးနှင့်အထက်သေဆုံးတယ်။ ဒီနေ့တော့တိုက်ပွဲကငြိမ်နေတယ်။ အရင်နေ့တွေက စစ်ကြောင်းနှစ်ကြောင်းထိုးပြီး တိုက်ခိုက်တာဖြစ်တယ်။ မနေ့ကထိတော့ စစ်ကြောင်းထိုးတိုက်ခိုက်တာမျိုးတော့မရှိဘူး။ တပ်တွေထဲကနေ လက်နက်ကြီးနဲ့ပစ်တယ်။ လက်နက်ကြီးအလွန်အကျွံသုံးပြီး ရွာထဲတွေထိပစ်တော့ ပြည်သူ ၂ ဦးသေဆုံးခဲ့တယ်။” ဟု တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ် ကိုပြောသည်။

ယခုအခါတွင် တနင်္သာရီမြို့ပေါ်ရှိ စစ်ကောင်စီရုံးများမှာ မကြာခဏတိုက်ခိုက်ခံရမှုကြောင့် ရုံးများပိတ်သိမ်းထားပြီး မြို့ထဲတွင်းတွင်လည်း နေရာအနှံ့ စစ်ကောင်စီတပ်သားများလုံခြုံရေးတင်းကြပ်စွာချထားကြောင်း ဒေသခံများကပြောသည်။

အဆိုပါ စစ်ကောင်စီနှင့် ၅ ရက်ကြာတိုက်ပွဲကို တနင်္သာရီ ကာကွယ်ရေးပူးပေါင်းအဖွဲ့ ပကဖ၊ မြိတ်ပကဖ၊ ကျွန်းစု-ပကဖ၊ မြိတ်ခရိုင်တပ်ရင်း ၂ -တပ်ခွဲ-၁+၂၊ တောကြီးမြွေဟောက် King Bar Force နှင့် ဒရုန်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ ရဲဘော် ၃ ဦးကျဆုံးခဲ့ကာ ပြည်သူ ၂ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များထံကသိရသည်။