ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၈ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကျောက်ခွက်ရေနံမြေစခန်းသို့ ရိက္ခာပို့လာသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့များက ဇန်နဝါရီ ၂၃ရက်နေ့မှ၂၇ရက် နေ့အထိ ငါးရက်ကြာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိ ကြောင်းသိရသည်။

စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်ပါရှိကာ ဖောကား လေးစီးဖြင့် ပခုက္ကူဘက်မှ ရိက္ခာတင်လာသည့် စစ်ကောင်စီတပ်ကို မြိုင်မြို့နယ် ကာကွယ်ရေးအဖွဲ့များက ယနေ့ (ဇန်နဝါရီလ ၂၈ ရက်နေ့) အထိ တိုက်ခိုက်နေခြင်းကြောင့် ရိက္ခာပို့မည့်နေရာသို့ မရောက်သေးကြောင်း မြိုင်(ပကဖ) ထံက သိရသည်။

“သူတို့ (စစ်ကောင်စီတပ်)က ဇန်နဝါရီ ၂၂ ရက်နေ့ကတည်းက ပခုက္ကူကနေ ကျောက်ခွက်ရေနံမြေစခန်းကို သွားပို့ဖို့ စထွက်လာတာဗျ။ ကျွန်တော်တို့က ၂၃ ရက်နေ့မှာ စပြီးတိုက်ခိုက်တာ။ အဲ့နေ့မှာပဲ သူတို့ဘက်က အယောက် ၂၀လောက် သေတယ်။ ကြားရက်တွေမှာလည်း ဒရုန်းတွေ ပဒေသာမိုင်းတွေနဲ့ ကျွန်တော်တို့ အဖွဲ့တွေ တောက်လျောက်တိုက်နေတာ။ မနေ့ကဆိုရင် သူတို့ဘက်က ၈ လောက်လောက် သေပြီး အပြင်းအထန်ဒဏ်ရာ ရတဲ့သူတွေရှိတယ်။ မနေ့ကအထိဆိုရင် စစ်ကောင်စီဘက်က အယောက်၃၀ ကျော် သေတယ်ဗျ” ဟု မြိုင်(ပကဖ)အဖွဲ့မှ ဗိုလ်လက်ယာ က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့များသည် စစ်ကောင်စီတပ်များကို ဇန်နဝါရီ ၂၃ရက်နေ့ နှင့် ၂၄ရက် နေ့များတွင် ကိုင်းတောစခန်းနှင့်Well2စခန်း ကြားလမ်းပိုင်းတွင် မိုင်း၁၈ လုံးဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အယောက်၂၀သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။ ဇန်နဝါရီ ၂၅ရက်နေ့တွင် ဂွေးကုန်းရွာ နှင့် ၂၆ရက်နေ့က သဲကြီးရွာတို့ တွင် ထပ်မံ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သုံး ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ထို့ပြင် ယမန်နေ့ ဇန်နဝါရီ ၂၇ရက် နေ့ကလည်း ယာကြီးပင် ပျူစောထီး ရွာမှ မတ်တူး အိမ်စီးကားဖြင့် ထွက်လာသည့် စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးအပါဝင် ၄ဦးပါဝင်သော စစ်ကောင်စီကားကို အုန်းတောရွာအနီးတွင် တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးခဲ့သည်။ အဆိုပါကားပေါ်မှ MA-3 သေနတ် တစ်လက်၊ ကျည်ဘောက် တစ်ခု ၊ ကျည် ၆၈ တောင့် ၊ အိုင်ကွန်တစ်လုံး နှင့် ကျည်ကာ တစ်ထည်ရရှိခဲ့ပြီး ကားကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်းနေ့တွင်ပင် စစ်ကောင်စီတပ်၏ ရိက္ခာပို့ကားကို ဒေသကာကွယ်ရေး အဖွဲ့က လေးကြိမ် တိုင် ထပ်မံ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံး၍ ၅ ဦး ဒဏ်ရာရရှိကြောင်း မြိုင်(ပကဖ) ထံက သိရသည်။

“သူတို့(စစ်ကောင်စီတပ်)လည်း အခုထိ ရိက္ခာပို့တဲ့ဆီ မရောက်သေးဘူးဗျ။ ပုံမှန်ဆို နာရီပိုင်းလောက်နဲ့ ရောက်မည့်နေရာပါ။ အခုထိ မရောက်သေးပဲ ဒီမှာရှိနေဆဲပါ။ ကျွန်တော်တို့လည်း စောင့်ပြီး မိုင်းနဲ့ပဲ တိုက်ခိုက်နေပါတယ်ဗျ။ ထိပ်တိုက် ရင်ဆိုင်ပြီး လက်နက်နဲ့ တိုက်ခိုက်မှု မရှိသေးဘဲ မိုင်းနဲ့ပြောက်ကျားစနစ်ပုံစံ တိုက်နေတာပါ။ သူတို့ဘက်က ရွာတွေမီးရှို့ပြီး သေနတ်နဲ့ ရမ်းသန်း ပစ်ခတ်တာတွေရှိတယ်ဗျ။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ရှောင်နေကြဖို့လိုတယ်” ဟု ဗိုလ်လက်ယာ ကဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ တိုက်ခိုက်မှုများကို မြိုင်(ပကဖ)နှင့် အတူပေါက်ဒေသကာကွယ်ရေးအဖွဲ့၊ ဘာမထီလက်နက်ကြီးတပ်ဖွဲ့နှင့် ဇာမဏီပြောက်ကျားတပ်ဖွဲ့ ၊ ပေါက်ဗိုလ်တစ္ဆေအဖွဲ့ နှင့် YDF တပ်ရင်း တို့ ပူးပေါင်းပါဝင် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။