ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၈ ရက်
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်း စစ်စခန်းအား ယမန်နေ့က တိုက်နယ်စွန်း PDF အဖွဲ့နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့များမှတိုက်ခိုက်ခဲ့ပြီး စစ်စခန်းအား မီးရှိူ့ဖျက်ဆီနိုင်ခဲ့ကြောင်း တိုက်နယ်စွန်း PDF အဖွဲ့ထံမှသိရသည်။
အရာတော်မြို့နယ် ၊ သလဲဘာကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၇၀ ကျော် စခန်းချတပ်စွဲထားသည့် စစ်စခန်းအား ယမန်နေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် တိုက်နယ်စွန်း PDF ပူးပေါင်းအဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ထွက်ပြေးဆုတ်ခွာသွားသည့် ကျေးရွာများအထိ လိုက်လံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“စခန်းကနေ ၉ နာရီ စထွက်တယ်။ ပြီးတော့ ညနေ ၃ နာရီမှာစပစ်တယ်။ ရွာသားတွေကိုတော့ တိုက်ပွဲရက်မတိုင်ခင်ထဲက ကြိုရှောင်ခိုင်ထားပါတယ်။ ရှောင်လည်းရှောင်နေကြပါတယ်။ အပြန်လှန်ပစ်ခတ်မှုမှာ ရဲဘော်တစ်ယောက်ပဲ လက်မောင်းကိုရှပ်ထိတယ်။ စစ်တပ်ဘက် တစ်ယောက် သေတာပဲ သိရတယ်ဗျ။ အရေအတွက်တော့ အတည်မပြုနိုင်သေးဘူး” ဟု တိုက်နယ်စွန်း PDF အဖွဲ့မှ ပြန်ကြားရေတာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သလဲဘာရွာတိုက်ပွဲတွင် တိုက်နယ်စွန်း PDF နှင့် ပူပေါင်း PDFအဖွဲ့များ က စစ်ကောင်စီတပ်များအား ၈၀ မမ ၊ ၆၀ မမ လက်နက်ကြီးများ ၊ စက်လက်နှင့် စနိုက်ပါများအသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ တစ်ဦး သေဆုံးမှုကိုသာ အတည်ပြုနိုင်ခဲ့ပြီး ထိခိုက်သေဆုံးမှုအရေအတွက်ကိုမူ အတည်မပြုနိုင်သေးကြောင်း တိုက်နယ်စွန်း PDF အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များ ဆုတ်ခွာထွက်ပြေးသွားချိန်တွင် စစ်စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း PDF ရဲဘော်တစ်ဦး လက်မောင်း ကျည်ရှပ်ထိ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အရာတော်မြို့နယ်၊ သလဲဘာကျေးရွာအား ဝင်ရောက်မတိုက်ခိုက်မီကတည်းက ဒေသခံပြည်သူများအား PDF များက ကြိုတင်ရှောင်ရှားခိုင်းထား၍ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ကြိုတင်ရှောင်ရှားနိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။