ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ ဇန်နဝါရီလ ၂၇ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက္ကသာ-ခလွန်ရထားလမ်းပိုင်းရှိ သံလမ်းတံတားအား ယမန်နေ့ဇန်နဝါရီလ ၂၆ ရက် မနက် ၄ နာရီဝန်းကျင်တွင် ဒေ သခံတော်လှန်ရေးပူးပေါင်းအဖွဲ့များမှ မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ပြေးဆွဲနေတဲ့ ရန်ကုန်- မော်လမြိုင်ရထားနဲ့ စစ်လက်နက်ခဲယမ်းတွေအပါ အဝင် စစ်ဘက်သုံးပစ္စည်းတွေ သယ်ယူပို့ဆောင်မှုများ များပြားလာသဖြင့် မိုင်းခွဲဖျက်ဆီးခြင်းဖြစ် သည်ဟုဆို သည်။

ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း ကျိုက္ကသာ-ခလွန် ရထားလမ်းသံတံတားအား မိုင်းထောင်ဖောက် ခွဲခဲ့ရာ ပေါက်ကွဲမှုကြောင့် အမှတ် ၄၁၊ မိုင်တိုင် ၈၈ နေ ရာ၌ ရထားလမ်းတံတားအက်ကွဲကြောင်းများဖြစ်ပေါ်ခြင်း၊ ရထားသံလမ်းကွေးခြင်းများဖြစ်ပေါ်ခဲ့ပြီး ရထားဖြတ်သန်းသွားလာနိုင်မှုမရှိကြောင်း သိရသည်။

“ဒီလမ်းကစစ်ကောင်စီကအသုံးပြုနေတဲ့လမ်းဖြစ်တယ်၊ ကားလမ်းတွေမှာသွားရင် မိုင်းဆွဲတိုက်ခိုက်မှုတွေခနခန ခံရတော့ စစ်တပ်က ရထားနဲ့ပြောင်းပြီး စစ်သုံးပစ္စည်းတွေ၊ လက်နက်ခဲယမ်းတွေသယ်ဆောင်တာမျိုးလုပ်လာတယ်၊ အဲ့တာကြောင့် ပူးပေါင်းအဖွဲ့တွေက ရထားလမ်းကိုဖောက်ခွဲခဲ့တာပါ” ဟု သထုံခရိုင်PDFတာဝန်ရှိသူ ကိုအေးမင်းထွန်းမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုသို့ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအနီးတဝိုက်အား စစ်အင်အား ၁၀၀ ကျော်ဖြင့်ပိတ် ဆို့စစ်ဆေးခဲ့ပြီး လက်ရှိတွင် ရန်ကုန်-မော်လမြိုင် ပြေးဆွဲမည့်ရထားခရီးစဉ်များအား တစ်ပတ်ခန့်ယာယီရပ်နားထားမည်ဖြစ် ကြောင်းလည်း သိရသည်။

စစ်ကောင်စီလော်ဘီတယ်လီဂရမ်ချန်နယ်များမှလည်း တံတားဖောက်ခွဲမှုနှင့်ပတ်သက်၍ဝါဒဖြန့်ဖော်ပြထားပြီး အဆိုပါတံတားပေါ်မှ လက်လုပ်ရီမုမိုင်း ၁၀ လုံးထပ်မံသိမ်းဆည်းရမိခဲ့သည်ဟု ဆိုသော်လည်း ဧရာဝတီတိုင်းမ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

ဇန်နဝါရီလ ၂ ရက်‌နေ့ကလည်း ပေါင်မြို့နယ် နှင့် သထုံမြို့နယ်အကြားတွင် ကုန်တင်ရထားတစ်စီးအား တော်လှန်ရပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရထားတွဲ ၃ တွဲလမ်းချော်ခဲ့ပြီး ရထားသံလမ်းအနည်းငယ် ပျက်စီးခဲ့ကြောင်း သိရပါသည်။

#ကျိုက်ထို #ရထားလမ်းပိုင်း #မိုင်းခွဲခံရ #စစ်လက်နက် #သယ်ဆောင် #AyeyaarwaddyTimes