ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၇ ရက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီလက် အောက် ခံ တပ်မ ၄၄ ကစစ်ကောင်စီတပ်သားတွေ ဟောင်သရောမြစ်ထဲလှေမှောက်လို့ လက်နက်ခဲယမ်းတွေပျောက်ဆုံးမှုဖြစ်ပွားခဲ့တယ်လို့ နယ်မြေခံတပ်သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ဇန်နဝါရီလ ၂၆ ရက်မနေ့မနက်အစောပိုင်း ၄နာရီလောက် က တပ်မ ၄၄ လက်အောက်ခံ ခမရ ၃ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးဝန်းကျင်ဟာ ကမ်းနီရွာအနီး ဟောင်သရောမြစ် အနောက်ဘက်ကမ်းကနေ အရှေ့ဘက်ကမ်းကို လှေနဲ့ဖြတ်ကူးနေစဉ် မြစ်လည်ခေါင်မှာ လှေမှောက်လို့ လက် နက်ခဲယမ်း အများအပြားပျောက်ဆုံးခဲ့ပြီး လူထိခိုက်မှုတော့မရှိဘူးလို့သိရပါတယ်။

” မနက်ကြီးအစောကြီး ဟောင်သရောမြစ်ကိုဖြတ်ကူးတာ မြစ်အလည်လောက်ရောက်တော့ လှေထဲကို ရေတွေဝင်လာပြီး မှောက်တာတဲ့ ။ လူတွေတော့ဘာမှမဖြစ်ဘူးပြောတယ်၊ life jacket (အသက်ကယ်အင်္ကျီ)တွေနဲ့မလို့။ သေ နတ်တွေ ကျည်ဆံတွေပျောက်တာတော်တော်များတယ်ပြောတယ်။ လူက ၁၀ ယောက်လောက်ပါတာ ဆိုတော့ ပါတဲ့သေနတ်တွေအကုန်မြုပ်ပြီးပျောက်တယ်လို့သိရတယ် ။ လှေပါမြုပ်တာ RPG တွေပါ ပါတယ် ပျောက်တဲ့အထဲ။အကုန်လုံးလက်ဗလာနဲ့ပြန်ကယ်ထားရတယ်လို့သိရတယ်” လို့ ကျုံဒိုးအခြေစိုက်တပ်ရင်းတွေနဲ့နီးစပ်တဲ့ နယ် မြေခံ တပ်သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဇန်နဝါရီလ နောက်ဆုံးအပတ်ကစလို့ ကျုံဒိုးမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကရင်တော်လှန်ရေးပူး ပေါင်းစစ်ကြောင်းတွေအကြား တိုက်ပွဲတွေပြန်လည်ပြင်းထန်နေပြီး စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှု များပြားနေတယ်လို့ Lion Battlion ဗျူဟာစစ်ကြောင်းကထုတ်ပြန်ထားပါတယ်။

ကျုံဒိုးမြို့နယ်အတွင်းမှာတော့ စစ်ကောင်စီတပ်က တပ်မ ၄၄ လက်အောက်ခံတပ်တွေနဲ့ ကျုံဒိုးအခြေစိုက် စစ်ကောင်စီတပ်တွေပူးပေါင်းပြီး စစ်ကြောင်းထိုးနယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။

ဓာတ်ပုံ – စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တချို့(ပုံဟောင်း)