ဧရာဝတီတိုင်းမ်
(ရေး)၊ ဇန်နဝါရီလ ၂၇ ရက်

မွန်ပြည်နယ်တွင် ရေးဘီလူးအဖွဲ့၏ သတင်းများကိုရွာစဥ်လှည့်၍ လှည့်လည်စုံစမ်းနေသည့် ပျူစောထီး ၂ ဦးကို ယနေ့ ဇန်နဝါရီလ ၂၇ ရက် ညနေ ၃ နာရီ ၃၀ မိနစ်တွင် ရေးမြို့နယ်၊ ဝယ်ပေါင်ရွာအနီး၌ ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက လက်သပ်မွေးထားသည့် ကိုဝင်းစိုးထွေးနှင့် ကျန်ပျူစောထီး ၁ ဦးတို့သည် သာသနာအမှတ်တံဆိပ် တပ်ဆင်ထားသည့် ဘုန်းကြီးကားဖြင့် ရေးမြို့နယ်အတွင်း ရွာစဉ်လှည့်၍ ရေးဘီလူး သတင်းအား လှည့်လည်စုံစမ်းနေစဉ် ရေးဘီလူးအဖွဲ့က ဝယ်ပေါင်ရွာအနီးလမ်းပိုင်း တစ်နေရာတွင် ပိတ်ဆို့ပစ်ခတ်ခဲ့ရာ အဆိုပါ နေရာ၌ပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရသည်။

“စစ်တပ်က ဒီကောင်တွေကို ရွာတွေမှာ လွှတ်ထားပြီး လက်သပ်မွေးထားတဲ့သူတွေ။ သတင်းတွေလိုက် စုံစမ်းတယ်။ ကျွန်ဝောာ်တို့ ရေးဘီလူး သတင်းတွေစုံစမ်းတယ်။ စစ်တပ်ကသူတို့ကို လက်နက်တွေပေးထားတယ်။ အတိုလည်းရှိတယ်။ အရှည်လည်းရှိတယ်။ အခုကရွာဘက်မှာ သတင်းထောက်မယ်ဆိုပြီးလာတဲ့အချိန် အတိုပဲပါခဲ့တာ။ ကျွန်တော်တို့ သိမ်းဆည်းရမိခဲ့တယ်။ အခုအချိန်ထိ စစ်ကောင်စီက အလောင်းလာမကောက် ရဲသေးဘူး” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ပျူစောထီး ၂ ဦးသည် စစ်ကောင်စီမှ အားထားရသည့် ပျူစောထီး အဖွဲ့ဝင်များဖြစ်ပြီး မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချခြင်း၊ ရေးမြို့ပေါ်တွင်ပင် ဆိုင်ကယ်များကို သေနတ်ထောက်လုယက်ခြင်းများကို လုပ်ဆောင်နေသူများ ဖြစ်သည်ဟု ရေးဘီလူးအဖွဲ့က ဆိုသည်။

ရေးဘီလူးအဖွဲ့ ပစ်ခတ်ရှင်းလင်း၍ သေဆုံးခဲ့သည့် ပျူစောထီးအဖွဲ့ဝင် ၂ ဦးထံမှ ပစ္စတို ၂ လက်၊ ကျည်ဆန်အချို့၊ ဖုန်း၊ မှတ်ပုံတင်စသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ရေးဘီလူးအဖွဲ့သည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့ကလည်း ရေးမြို့နယ်၊ ကျောင်းရွာအခြေစိုက် စစ်ကောင်စီတပ်၊ ခမရ(၅၉၁) တပ်ရင်းကို ပထမဆုံးဒရုန်းမစ်ရှင်အဖြစ် ဗုံးသီးချတိုက်ခိုက်နိုင်ခဲ့သည်။