ဧရာ၀တီတိုင်းမ်
နိုဝင်ဘာလ ၂၉ ရက်

ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌဖြစ်ပြီး NLD ပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဦးထွန်းထွန်းဟိန်ကို စစ်ကောင်စီ၏ နောင်ချိုမြို့နယ်တရားရုံးက ရွေးကောက်ပွဲမသမာမှုဖြင့် စွဲဆိုထားသည့် ပုဒ်မ ၁၃၀ (က) အမှု ၃ မှုဖြင့် ယနေ့ (ဇန်နဝါရီလ ၂၇ ရက်) တွင် ထောင်ဒဏ် ၉ နှစ် ထပ်မံချမှတ်ခဲ့ကြောင်း

ရှမ်းပြည် (မြောက်ပိုင်း) လားရှိုးထောင်တွင် အကျဉ်းချခံထားရသည့် ဦးထွန်းထွန်းဟိန်ကို စစ်ကောင်စီ လက်အောက်ရှိ နောင်ချိုမြို့နယ်တရားရုံးက ဗီဒီယိုကွန်ဖရင့်ဖြင့် အမှုကြားနာပြီး ပုဒ်မ ၁၃၀ (က) တစ်မှုလျှင် ထောင်ဒဏ် ၃ နှစ်နှုန်းဖြင့် ထောင်ဒဏ် ၉ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

“သူ့ကို (ဦးထွန်းထွန်းဟိန်) ဒီနေ့ နောင်ချိုမြို့နယ်တရားရုံးက ရွေးကောက်ပွဲမသမာမှုနဲ့ ထောင်ဒဏ် ၉ နှစ် ချမှတ်လိုက်ပါတယ်။ ရွေးကောက်ပွဲမသမာမှု ၁ မှုကို ၃ နှစ်နှုန်းနဲ့ ထောင်ဒဏ် ၉ နှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်”ဟု ဦးထွန်းထွန်းဟိန်၏မိသားစုနှင့်နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးအကျဥ်းထောင်တွင် ဖမ်းဆီးအကျဉ်းချခံထားရသည့် ဦးထွန်းထွန်းဟိန်ကို စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပုဒ်မ ၅၀၅ (က)နှင့် (ခ) အမှုများအတွက် ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့သည်။

ထို့နောက် ပုဒ်မ ၁၂၂ (နိုင်ငံတော်သစ္စာဖောက်မှု)ဖြင့် လားရှိုးထောင်တွင်းအထူးတရားရုံးက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ထောင်ဒဏ်အနှစ် ၂၀ ထပ်မံချမှတ်ခဲ့သည်။ ယနေ့တွင် ထောင်ဒဏ် ၉ နှစ် ထပ်မံချမှတ်ခဲ့သဖြင့်
ဦးထွန်းထွန်းဟိန်ကို စစ်ကောင်စီက စုစုပေါင်းထောင်ဒဏ်မှာ ၃၃ နှစ် ချ မှတ်ထားခြင်းဖြစ်သည်။

“အခုဆို ဦးထွန်းထွန်းဟိန်ကို စစ်ကောင်စီက ထောင်ဒဏ်စုစုပေါင်း ၃၃ နှစ်အထိ ချမှတ်ထားပါတယ်။ လူက အသက်ကြီးပြီဆိုတော့ စိတ်ဓာတ်တော့မာပေမယ့် ခန္ဓာကိုယ်က မလိုက်နိုင်တော့ဘူး။ သူကျန်းကျန်းမာမာနဲ့ ပြန်လွတ်လာဖို့ပဲ ဆုတောင်းနေမိတယ်”ဟု မိသားစုနှင့်နီးစပ်သူက ဆိုသည်။

အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်သည့် ဦးထွန်းထွန်းဟိန်မှာ ၁၉၈၈ ခုနှစ်တွင် နောင်ချိုမြို့နယ် အထွေထွေသပိတ် ကော်မတီ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ကာ ဒီမိုကရေစီဆန္ဒပြပွဲများကို ဦးဆောင်သည့်အတွက် အာဏာသိမ်း စစ်တပ်က ၁၉၈၈ ခုနှစ်တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။

၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြု၍ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်မှ ရွေးကောက်ပွဲဝင်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနီုင်ရရှိခဲ့သည်။ ထို့နောက် အာဏာသိမ်း န၀တနှင့် နအဖစစ်ကောင်စီတို့၏အကြိမ်ကြိမ်ဖမ်းဆီးခြင်း ခံခဲ့ရပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် နောင်ချိုမြို့နယ်၌ ဒုတိယအကြိမ် ရွေးကောက်ပွဲဝင်ခဲ့ရာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ထပ်မံ အနိုင်ရရှိခဲ့သည်။

နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန်မှာ NLD ပါတီ၏တာဝန်ပေးချက်အရ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ၂၀၁၆ ခုနှစ်မှ စစ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတို့တွင်လည်း NLD ပါတီကိုယ်စားပြု၍ နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ထပ်မံယှဉ်ပြိုင်ခဲ့ရာ အနိုင်ရခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ၃ ကြိမ်ဆက် အနိုင်ရရှိခဲ့သူဖြစ်သည်။