ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၇ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဇန်နဝါရီလ ၂၇ ရက်နေ့ နေ့လည်ပိုင်းက ပိုင်ရှင်မဲ့အမျိုးသား အလောင်း ၁ လောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာအကျော် ဝသုန်နရီ ဆိုင်နားမှာ နေ့လည် ၁၂ နာရီလောက်က ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတွေ့ရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ဆိုင်ကယ်မှောက်ပြီးဆုံးတာ ဖြစ်မယ်။ အနားမှာ ဆိုင်ကယ်တွေ့တယ်။ မြစ်ကြီးနားကို သယ်သွားပြီ။ ဘယ်သူဆိုတာတော့ မသိရသေးဘူး”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ပိုင်ရှင်မဲ့အမျိုးသား အလောင်းဟာ ခရီးသွားလာသူတစ်ဦးဖြစ်နိုင်ပြီး ဆိုင်ကယ်မောင်းလာချိန်မှာ တိမ်းမှောက်ပြီး လူပြတ်တဲ့နေရာဖြစ်တာကြောင့် မှောက်တဲ့အချိန် တခြားသူတွေ မတွေ့တာကြောင့် သေဆုံး သွားတာမျိုး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုမှာ ဇန်နဝါရီလ ဒုတိယပတ်ထဲမှာတင် ပိုင်ရှင်မဲ့အလောင်း ၂ လောင်း တွေ့ရှိခဲ့တာကြောင့် စုစုပေါင်း ပိုင်ရှင်မဲ့အလောင်းတွေ့ရှိတာ ၃ လောင်းထိ ရှိလာပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။