ဧရာဝတီတိုင်မ်း
ဇန်နဝါရီလ ၂၇ ရက်

စစ်ကောင်စီတပ်တွင်းသို့ ဝင်ရောက်မည့်သူမရှိ၍ ဧရာ၀တီတိုင်းရှိ မြို့နယ်အချို့တွင် တပ်သားသစ်စုဆောင်းသူများက လှုမှုကွန်ရက်ပေါ်ရှိ အလုပ်ကိုင်ရှာဖွေရေး Group များတွင် အလုပ်ရမည်ဟု ပိုစ့်တင်ကာ လိမ်လည် ခေါ်ယူမှုများရှိကြောင်း ဒေသတွင်း အလုပ်အကိုင်ရှာဖွေရေး အဖွဲ့များထံက သိရသည်။

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်တာ ကာလအတွင်း တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခြင်း၊ တိုက်ခိုက်ခံရခြင်းတို့ကြောင့် စစ်ကောင်စီတပ်သား အင်အား နည်းပါးလျက်ရှိပြီး လူမှုကွန်ရက်စာမျက်နှာများမှတဆင့် မသိနားမလည်သူများအား အလုပ်ရမည်ဟု ဆိုကာ လိမ်လည်ခေါ်ယူနေခြင်းဖြစ်ကြောင်း ဝါးခယ်မမြို့နယ် ဒေသခံများထံက သိရသည်။

“စစ်တပ်ထဲ ဝင်မယ့်သူမရှိတော့ သူခိုးတွေ၊ အရက်သမားတွေကို ပါစစ်တပ်ထဲခေါ် သွင်းနေရတာ။ ဝါးခယ်မ မြို့သူမြို့သားများ ဆုံစည်းရာ Group ထဲမှာ တွေ့တာတော့ တင်တဲ့သူရဲ့ အကောင့်က ဘွဲ့ရပုံနဲ့။ အလုပ်ရမယ်။ စရိတ်ငြိမ်း ၁ လကို ၁ သိန်း ၈ သောင်း ပေးမယ်။ နေစရာအဆောင်ပေးမယ်၊ နောက်ပိုင်းမှာ လစာတိုးပေးမယ် ဆိုပြီး ခေါ်တာ။ အဟုတ်ထင်ပြီး မေးတော့မှ စစ်တပ်ကခေါ်မှန်းသိတာ” ဟု ဝါးခယ်မမြို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် ဧရာဝတီတိုင်းတွင်းရှိ မြို့နယ်အချို့တွင် လူသစ်စုဆောင်းရာ၌ စစ်ကောင်စီတပ်တွင်းသို့ ဝင်ရောက်ပါက ဆန် ၅ အိတ် နှင့် ငွေကျပ် ၁၅ သိန်းပေး မည်ဟုဆိုကာ ခေါ်ယူခြင်း၊ လူမှုကွန်ရက် စာမျက်နှာများမှနေ၍ စက်ရုံများတွင် စရိတ်ငြိမ်းအလုပ်ရမည်၊ လစာကောင်းမည် ဟု လိမ်လည်းခေါ်ယူခြင်းများလုပ် ဆောင်လျက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဧရာဝတီတိုင်းတွင် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် ၁၀ လပိုင်းမှ စတင်၍ စစ်ကောင်စီတပ်သားသစ် စုဆောင်မှုများ ပိုမိုများပြားလာပြီး ရဲတပ်ဖွဲ့တွင်းသို့ ဝင်ရောက်ရန်အတွက် ခေါ်ယူမှုများလည်းရှိလာကာ ရာအိမ်မှူး ၊ ဆယ်အိမ်မှူးများအား လူသစ်ခေါ်ယူပေးပါက ၂ သိန်းကျပ် အထိပေးမည်ဟု ဆိုကာ စည်းရုံးလျက်ရှိကြောင်း ဒေသခံများထံက သိရသည်။