ဧရာ၀တီတိုင်းမ်
ဇန်န၀ါရီလ ၂၇ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ကန်သာယာအနီးရှိ ပြည်ထောင်စုစျေးဖွင့်ပွဲကို ဇန်နဝါရီလ ၂၆ ရက်နေ့ မနက် ၁၀ နာရီတွင်ပြုလုပ်ခဲ့သော်လည်း စျေးရောင်းထွက်သူ စျေးသည်များနှင့် စျေးဝယ်သူ မရှိသလောက်ဖြစ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

ဇန်နဝါရီလ ၂၅ ရက်ညနေပိုင်းက အဆိုပါပြည်ထောင်စုစျေးသစ်အနီးတပ်စွဲထားသည့် စစ်ကောင်စီတပ်က ဆိုင်ကယ် ၂ ယောက်တွဲစီးနင်းလာသူ အမျိုး သား ၂ ဦးအားပစ်ခတ်ခဲ့သဖြင့် ၁ ဦးထိမှန်ဒဏ်ရာရခဲ့ပြီးနောက် စစ်ကောင်စီတပ်ကအကြောင်းမဲ့ပစ်ခတ်မှုများဆက်လက်လုပ်ဆောင်နေသဖြင့် စျေးသည်များစျေးမထွက်ရဲကြခြင်းဖြစ်သည်ဟုဆိုသည်။

“ဖွင့်ပွဲကမနေ့ မနက်ကလုပ်တာ၊ သူတို့လုပ်ပြီးစျေးရောင်းလို့ရပြီပြောပေမယ့် ဘယ်သူမှသွားမရောင်းရဲကြဘူး။ ဖွင့်ပွဲမတိုင်ခင် ၂၅ ရက် ညနေပိုင်းက စျေးထဲမှာ ယောကျ်ားလေးနှစ်ယောက်ပိုးစီးလာလို့ဆိုပြီး ပစ်လိုက်တာ၊ တစ်ယောက်ထိသွားတယ်လို့ပြောတယ်။ စျေး၀ယ်လာတဲ့သူလား စျေးသည်လားတော့ သေချာမသိလိုက်ရဘူး။ သေနတ်သံကြားတော့ စျေးသည်တွေ အကုန်လုံးထွက်ပြေးကုန်ကြတာ ယောက်ယက်ခတ်နေတာပဲ။ တစ်ချို့စျေးသည်တွေက ဆိုင်ကယ်နှစ်စီးမရှိတော့ ကုန်အတင်အချလုပ်ဖို့ ဆိုင်ကယ်တစ်စီးထဲကိုပဲ နှစ်ယောက်ပိုးစီးကြရတာ။ ဖွင့်ပွဲအကြိုနေ့ဆိုတော့ ကြောက်ကန်ကန်ပြီး စျေး သည်၊စျေးဝယ်လည်းမချန် တွေ့သမျှ လာသမျှလူတွေကို သူတို့လာပစ်တယ်ဆိုပြီး PDFအထင်နဲ့ ရမ်းပစ်တော့တာပဲ”ဟု အမည်မဖော်လိုသူ ကုန်စိမ်းသည်တစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်ကအကြောင်းမဲ့ပစ်ခတ်မှုများရှိနေသဖြင့် ယမန်နေ့မနက်ပိုင်းက အဆိုပါစျေးသစ်ဖွင့်ပွဲပြီးနောက် စစ်ကောင်စီက စျေးသည်များအား စျေးရောင်းရန်ပြောဆိုသော်လည်း စျေးသည်များမရှိခဲ့ကြောင်း သိရသည်။

“မနေ့မနက် စျေး ဖွင့်ပွဲပြီးတဲ့အချိန် စျေးရောင်းနိုင်ပြီဆိုပြီးလိုက်ပြောတယ်။ ဘယ်စျေးသည်မှ မလာကြတာများတယ်။ ပစ်ခတ်မှုဖြစ်တဲ့နေ့က စစ်သားတွေအုပ်စုလိုက်လာပြီးတော့ သေနတ်တွေနဲ့ချိန်ထားပြီး စျေးသည်တွေရော စျေး၀ယ်တွေရောပြန်ကြဆိုပြီး အကုန်လုံးကိုနှင် ထုတ်တာ။ စျေး သည်တွေလည်း ကြောက်ကြောက်နဲ့ စျေးဗန်းတွေပစ်ထားပြီးပြေးကြတာ” ဟု ၄င်းက ဆက်လက်ပြောသည်။

ကန်သာယာအနီးရှိ ပြည်ထောင်စုလမ်းအရှေ့ဘက်က လယ်တီပျံကျစျေးကို မုံရွာစစ်ကောင်စီက ပြည်ထောင်စုနေ့အထိမ်းအမှတ်ဟုဆိုကာ ပြည်ထောင်စုစျေးဟုအမည်ပေးပြောင်းလဲဖွင့်လှစ်ခြင်းဖြစ် ကြောင်းသိရသည်။