ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၇ ရက်
အာဏာသိမ်း စစ်ကောင်စီက ဧရာ၀တီတိုင်း ၂၆ မြို့နယ်ရှိ သံဃာတော်များနှင့် ဝတ်အသင်းများကို အောင်ခြင်းရှစ်ပါးနှင့် ဓဇဂ္ဂသုတ်တို့အား ဇန်နဝါရီလ ၂၆ ရက်နေ့တွင် စီမံချက်ဖြင့် ဖိအားပေး ရွတ်ဆိုခိုင်းခဲ့ကြောင်း သတင်းရရှိသည်။
ဧရာဝတီတိုင်း ၂၆ မြို့နယ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတဆင့် မြို့နယ်တိုင်းရှိ ဘုရားစေတီများတွင် သံဃာတော်များနှင့် ဝတ်အသင်းများကို ညွှန်ကြားကာ ယမန်နေ့နံနက် ၈ နာရီတိတိ၌ အောင်ခြင်း ရှစ်ပါးနှင့် ဓဇဂ္ဂသုတ် ၂ ခုတည်းကိုသာ စီမံချက်ဖြင့် ရွတ်ဆိုခိုင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“မြို့နယ်တိုင်းကို ညွုန်ကြားတာ။ ရပ်ကွက်အလိုက်မှာရှိတဲ့ စေတီပုထိုးတွေမှာ မနက် ၈ နာရီကနေ ၈ နာရီခွဲအထိ ရွတ်ခိုင်းတာ။ စုရပ်ကိုတော့ မနက် ၇ နာရီခွဲကတည်းက အရောက်လာရတာ။ အတွင်းစည်းအနေနဲ့ မြို့တွင်းမှာရှိတဲ့ သံဃာတော်တွေက အပြင်အောင်ခြင်းရှစ်ပါးနဲ့ ဓဇဂ္ဂသုတ်ကို ရွတ်ခိုင်းတယ်။ အပြင်စည်းအနေနဲ့ကတော့ ရပ်ကွက်အလိုက် ဝတ်အသင်းတွေက အပြင်အောင်ခြင်း ရှစ်ပါးနဲ့ ဓဇဂ္ဂသုတ်တွေ ရွတ်ခိုင်းတာ။ ဒါက စီမံချက်အနေနဲ့ကို လုပ်ခိုင်းတာ”ဟု မအူပင်မြို့ပေါ်မှ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ အောင်ခြင်းရှစ်ပါးနှင့် ဓဇဂ္ဂသုတ်တို့ကိုရွတ်ဆိုရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးများက ဇန်နဝါရီလ ၂၅ ရက်ညပိုင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအားလုံးကို အရေးပေါ်အစည်းအဝေး ခေါ်ယူကာ စီမံချက်ဖြင့် ညတွင်းချင်း ညွှန်ကြားခိုင်းစေခဲ့ခြင်းဖြစ်သည်။
“အောင်ခြင်းရှစ်ပါးဆိုတာက အထူးပြောစရာမလိုပါဘူး။ ရန်တွေကို အောင်မြင်ခြင်းပေါ့။ ဓဇဂ္ဂသုတ်ဆိုတာကလည်း ဘေးအန္တရာယ်တွေကို အောင်မြင်စေတဲ့သုတ်ပါပဲ။ ရွတ်တာက ၂၆ ရက်၊ ဂဏန်းပေါင်းခြင်းက ၈ ကို ယူထားတယ်။ အချိန်နာရီကလည်း ၈ နာရီအတိဆိုတော့ ၈ ဂဏန်းကိုပဲ ယူထားတာ။ အဓိကတော့ တတိုင်းပြည်လုံးမှာ သူတို့စစ်ခွေးတွေ အောင်မြင်ဖို့ဆိုပြီး ယတြာချေတာ ဆိုတာ သေချာပါတယ်။ ဒါပေမယ့် စစ်ကောင်စီလိုမျိုး အကုသိုလ်တရားကြီးမားသူတွေက ဘာယတြာချေချေ မရဘူး။ သူတို့ပြုတဲ့ကံ သူတို့ကျိန်းသေခံရမှာပါ။ ဘယ်ယတြာကမှ သူတို့ကို မကယ်နိုင်ပါဘူး”ဟု ဧရာ၀တီတိုင်းမှ ဗေဒင်နက္ခတ်ဗေဒကျွမ်းကျင်သူဆရာတစ်ဦးက ပြောသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်များက ၎င်းတို့အာဏာ ဆက်လက်တည်မြဲ စေရန်အတွက် ဧရာ၀တီတိုင်း၌ စျေးရောင်းရာတွင် ကြာဖက်များကို အသုံးပြုခိုင်းခြင်း၊ နေကြာပင်များ စိုက်ပျိုးခိုင်းခြင်းများ ပြုလုပ်ကာ ယတြာချေခိုင်းခဲ့ကြောင်း သိရသည်။
စစ်ခေါင်းဆောင်များက ကြာဖက်များကို အသုံးပြုခိုင်းခြင်းမှာ ၎င်းတို့ရာထူးအာဏာကို အချိန်ကြာကြာ ဖက်တွယ်နိုင်ရန်ဖြစ်ပြီး နေကြာပင်များစိုက်ပျိုးခိုင်းခြင်းမှာ ရာထူးအာဏာ၌ ကြာကြာနေနိုင်ရန် ဖြစ်ကြောင်း ဗေဒင်လက္ခဏာပညာရှင်များက ပြောဆိုကြသည်။
ဓာတ်ပုံ – လူမှုကွန်ရက်