ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၇ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက မီတာခ မဆောင်သူများနှင့် မီတာခ ကြွေးကျန်ရှိသူများ၏ နေအိမ်များမှ မီတာပုံးများအား လိုက်ဖြုတ်သိမ်းနေကြောင်း ပုသိမ်မြိုခံများထံမှ သိရသည်။
ပုသိမ်မြို့ အမှတ် (၇)ရပ်ကွက်၊ အောင်သိဒ္ဓိလမ်းတွင် စစ်ကောင်စီထောက်တိုင် EPC အဖွဲ့များမှ ဇန်နဝါရီလ ၂၆ ရက်နေ့က မီတာခ ၁ သိန်းကျော်ကျသင့်သည့် နေအိမ်များအနက်မှ အချို့မှာ တစ်ဝက်ပေးဆောင်ပြီးဖြစ်သော်လည်း မီတာပုံးများဖြုတ်သိမ်းခံရကြောင်း ပုသိမ်မြို့ခံများက ပြောသည်။
“လိုက်ဖြုတ်တာက EPC ကဝန်ထမ်းတွေပါ စာရေးမတွေလည်းပါတယ်။ မီတာခ ကြွေးကျန်တွေရှိတဲ့အိမ်တွေကိုမီတာပုံတွေအ အပြီးဖြုတ်သိမ်းပါတယ်။ မနေ့ကလည်းအမှတ် ၁၄ ရပ်ကွက်မှာ မီတာမဆောင်တဲ့အိမ်တွေကို မီတာပုံးတွေ ဖြုတ်သိမ်းသွား ပါသေးတယ်” ဟု ပုသိမ်မြို့ မြို့ပြပြောက်ကျားအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင် ပုသိမ်မြို့၊ ဝေဋ္ဌုဝန်ရပ်ကွက်မှ နေအိမ် ၁၀ လုံးထက်မနည်းအား စစ်ကောင်စီလက်အောက်ခံ EPC ရုံးဝန်ထမ်းများက ဇန်နဝါရီလ ၂၃ ရက်နေ့က မီတာများ ဖြုတ်သိမ်းခဲ့ကြောင်း မြို့ခံများက ဆိုသည်။
“၂၃ ရက်နေ့က လိုက်ပြီး ဖြုတ်နေတာ။ တချို့အိမ်တွေဆို ၂၅ ရက်နေ့မှ မီတာခဆောင်ရမှာလေ။ အဲ့တာကို မီတာဖြုတ်သွားတာ။ တချို့ကလည်း တကယ်မပြေလည်လို့ သွားမဆောင်ကြတဲ့သူတွေလည်းရှိတယ်။ ကျွန်မတို့ တစ်လမ်းထဲတင် ၁၀ လုံးလောက်ရှိတယ်။ တစ်ရပ်ကွက်လုံးဆို တော်တော်များတယ်”ဟု ပုသိမ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း ပုသိမ်မြို့၊ အမှတ် (၁၄) ရပ်ကွက်၊ ဥမ္မာဒန္တီရပ်ကွက်အတွင်း မီတာမဆောင်သော နေအိမ်များအား EPC ရုံးဝန်ထမ်းများမှ မီတာများလိုက်လံ ဖြုတ်သိမ်းနေကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက လျှပ်စစ်မီးကို အချိန်ဇယားဖြင့်သာ ဖြန့်ဝေနေသော်လည်း ပေးဆောင်ရသည့် မီတာခမှာ ယခင်ကထက် လျော့နည်းသွားခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။