ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၇ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဇန်နဝါရီလ ၂၆ ရက်နေ့က ပြည်သူတွေရွေးချယ်ခန့်ထားတဲ့ ရာအိမ်မှူးကို အမည်မသိလက်နက်ကိုင်အဖွဲ့က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လုံးခင်းကျေးရွာအုပ်စု မဇွပ်ယန်ကျေးရွာက ရာအိမ်မှူး ဦးအောင်ဝင်းဆိုသူကို နေအိမ်မှာ နေ့လည် ၁ နာရီ ခွဲလောက် အမည်မသိလက်နက်ကိုင်အဖွဲ့က ဝင်ရောက်ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“သူက စကစက ခန့်ထားတာလည်း မဟုတ်ဘူး တောဘက်ကခန့်ထားတာလည်း မဟုတ်ဘူး၊ ဒေသခံပြည်သူ တွေက ရွေးချယ်ထားတဲ့သူပါ၊ အဲ့တာကို မနေ့ကနေ့လည်ပိုင်း အိမ်ထဲဝင်ပြီးသေနတ်တွေနဲ့ ထောက်ခေါ် သွားတာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
မြေကွက်ကြည့်ရန်လိုက်ခဲ့ဖို့လာခေါ်ပြီး မလိုက်နိုင်ကြောင်းပြန်ပြောချိန်မှာ အသင့်ပါလာတဲ့ ပစ္စတိုသေနတ် တွေနဲ့ ထောက်ပြီး လိုက်ခဲ့ဖို့ အတင်းအဓမ္မခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
ရာအိမ်မှူး ဦးအောင်ဝင်းကို ခေါ်ဆောင်ပြီး လုံးခင်းဘက်ကို ကားနဲ့မောင်းထွက်သွားပြီးနောက်ပိုင်း သူတို့ ပေးခဲ့တဲ့ ဖုန်းကို ဆက်သွယ်ပေမယ့် ဖုန်းဆက်သွယ်လို့ မရတော့ဘူးလို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။
လာဖမ်းသွားတဲ့သူတွေက အားလုံး အသက် ၂၀ ကျော်အရွယ်တွေဖြစ်ပြီး စုစုပေါင်း ၅ ဦးဖြစ်ကာ လာဖမ်းချိန်မှာ ဖုန်းနံပါတ်တစ်လုံးပေးခဲ့ပေးခဲ့ပေမယ့် ဖုန်းဆက်ပိတ်ထားတဲ့ဖုန်းဖြစ်နေတယ်လို့ ဆိုပါတယ်။