နွေဦးမောင် ၊ ဧရာဝတီတိုင်းမ်
(မုံရွာ) ဇန်နဝါရီလ၂၇ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ၊ လက်ပံတောင်းတောင်ဒေသ တရုတ်ဝမ်ပေါင်ကုမ္ပဏီ အတွင်းရှိ စစ်ကောင်စီတပ်များကို ဆားလင်းကြီးမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင်များက တာဝေးပစ် လက်လုပ် လက်နက်ကြီးများဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်နေ့က စစ်ကောင်စီတပ်များ တပ်စွဲထားသည့် တရုတ်ဝမ်ပေါင်ကုမ္ပဏီကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနားမှာရှိတဲ့ ကျေးရွာတွေကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးနေတဲ့ တရုတ်ဝမ်ပေါင် ကုမ္ပဏီက စစ်ကောင်စီတပ်တွေကို အဝေးကနေ ပစ်ခက်တိုက်ခိုက်ခဲ့တာပါ။ ထိခိုက်မှု့ရှိတယ်။ မနေ့က (ဇန်နဝါရီလ၂၆ရက်နေ့) ညောင်ပင်ကြီး ရဲစခန်းထဲကို ဒဏ်ရာရထားတဲ့လူနာတွေ သယ်လာတာတွေ့တယ်။ မြို့ပေါ်ကို ပို့ဖို့လုပ်နေတယ်ဆိုပြီး သတင်းရတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

တရုတ်ဝမ်ပေါင်ကုမ္မဏီနှင့် မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္မဏီတို့သည် ဒေသခံပြည်သူများ ကန့်ကွက်နေသည့်ကြားက အနီးအနားရှိ ကျေးရွာများမှ လယ်ယာမြေများကို မတရားသိမ်းဆည်းကာ အဆိုပါ ကြေးနီစီမံကိန်းကို ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာဆုံးရှုံးမှုများလည်း ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

“ရွာတွေကို စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးလိုက် ၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီ ထဲပြန်ဝင်သွားလိုက်လုပ်နေတဲ့ စစ်သားတွေကို အကြိမ်ကြိမ်သတိပေးတယ်။ တရုတ်ဝမ်ပေါင်ကုမ္မဏီကလည်း စစ်ကောင်စီတပ်တွေကို လက်ခံထားပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေ ဆက်လုပ်နေလို့ ယခုလို ပစ်ခက်တိုက်ခိုက်တာ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် ကဆိုသည်။

တရုတ်ဝမ်ပေါင်ကုမ္ပဏီတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ယင်းဒေသ တဝိုက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်စီးနင်းခြင်း၊ ဒေသခံနေအိမ်များ ကို မီးတင်ရှို့ခြင်းများ အကြိမ်ကြိမ်လုပ်ဆောင်လျက်ရှိပြီး ဒေသခံပြည်သူ ၃၀၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။