ဧရာဝတီတိုင်းမ်
(မြိုင်)၊ ဇန်နဝါရီလ ၂၇ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ဇန်နဝါရီလ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ ၄ ရက်အတွင်း စစ်ကောင်စီတပ်များအား PDF များမှ တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်သား ၂၃ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်ခွက်ရေနံမြေစခန်းသို့ ရိက္ခာပို့လာသည့် စစ်ကောင်စီစစ်ကြောင်းအား ဇန်နဝါရီလ ၂၃ ရက်နေ့၌ ကိုင်းတောမရဲစခန်းနှင့် Well2 စခန်းကြားလမ်းပိုင်းတစ်နေရာတွင် မိုင်း ၁၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ
တပ်သား ၂၀ ဦးခန့် သေဆုံးခဲ့ကြောင်း မြိုင်(ပကဖ)ထံမှ သိရသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကျောက်ခွက်ရေနံမြေစခန်း Well2 သို့ ရိက္ခာလာပို့သည့် စစ်ကောင်စီယာဉ်တန်းအား ခြေလျင်လုံခြုံရေးယူပေးသည့် စစ်ကောင်စီစစ်ကြောင်းအား ကိုင်းတောမ-well2 လမ်းပိုင်းတစ်နေရာတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်း ၃ လုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့တွင်လည်း အဆိုပါအင်အား ၇၀ ဝန်းကျင်ပါ ခြေလျင်စစ်ကြောင်းနှင့် ရိက္ခာပို့လာသည့် ဖောကား ၄ စီးအား ဂွေးကုန်းရွာအနီး၌ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်သား ၅ ဦးဒဏ်ရာရရှိခဲ့ပြီး အဆိုပါစစ်ကြောင်းမှ အနီးပတ်ဝန်းကျင်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ရိက္ခာလာပို့တာက ၂၃ ရက်နေ့တည်းက။ အဲ့ဒီနေ့ကလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ လမ်းမှာမိုင်းရှင်းရင်းနဲ့ အချိန်ကြန့်ကြာနေတာ။ ဒီဇန်နဝါရီလ ၂၅ မှ well2 စခန်းကိုရောက်တယ်။ ၂၄ နဲ့ ၂၅ ရက်နှစ်ရက်မှာ တိုက်ခိုက်ခဲ့တာ ၉ ယောက် ဒဏ်ရာရတယ်။ အဲ့ဒီထဲက ၃ ယောက်က ဒဏ်ရာပြင်းထန်တယ်လို့ သတင်းကြားတယ်” ဟု မြိုင်(ပ.က.ဖ) တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်နေ့၌လည်း အင်အား ၁၅ ဦးခန့်ပါသော ရှေ့ပြေး စစ်ကောင်စီနှင့်ပျူအဖွဲ့သည် Well2 ကျောက်ခွက်ရေနံမြေမှ သဲကြီးဘက်ကို ခြေလျင်ထွက်လာချိန်တွင် မြိုင် ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးပြီးအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်(ပ.က.ဖ)ထံမှ သိရသည်။

“သူတို့က ကျောက်ခွက်ကျေးရာကနေ အရင်ထွက်လာတဲ့ ရှေ့ပြေးအဖွဲ့ ၁၅ဦးကို ကျတော်တို့က မိုင်း အကြီးအသေး ၇ လုံးနဲ့တိုက်ခိုက်တာ ၃ဦးသေပြီး ၅ဦးဒဏ်ရာပြင်းထန်ရတယ်ဗျ။ ပြီးတော့ အနောက်ကနေ ဖောကား၄စီးနဲ့တက်လာလို့ ကျတော်တို့က ဒရုန်းနဲ့ တနေကုန် တိုက်ခိုက်တာ အများအပြားဒဏ်ရာ ရကြတယ်ဗျ။ သူတို့က ဘေးနားက တဲ၂ခုကို မီးရှို့မီး ရမ်းသမ်းလျှောက်ပစ်နေတယ်ဗျ။ အခုအချိန်ထိပဲ။လက်ရှိ တဲကြီးရွာမှာ အင်အား၁၀၀နီးပါးလောက်နဲ့ အထိုင်ချနေကြတယ်။ ပြည်သူတွေကလဲ စစ်ကြောင်းရှိရင် ဘေးလွတ်ရာသို့ တိမ်းရှောင်ပေးကြပါ” ဟု မြိုင်(ပ.က.ဖ)အဖွဲ့မှ ဗိုလ်လက်ယာ ကဧရာဝတီတိုင်းမ်ကိုပြောသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ တိုက်ခိုက်မှုများအား မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁၊ ဘာမထီလက်နက်ကြီးတပ်ဖွဲ့နှင့် ဇာမဏီပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၂၆ ရက်နေ့ တိုက်ခိုက်မှုအား မြိုင်(ပ.က.ဖ)နှင့်ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်(ပ.က.ဖ)ထံမှ သိရသည်။