ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၆ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဇန်နဝါရီလ ၂၅ ရက်နေ့ ညပိုင်းက စစ်ကောင်စီလက်အောက်ခံ ရဲကင်းစခန်း တစ်ခုကို KIA၊ PDF ပူးပေါင်းဝင်တိုက်ခိုက်လို့ ရဲတွေထွက်ပြေးသွားတယ်လို့ သိရပါတယ်။

မှော်စီစာကျေးရွာမှာရှိတဲ့ တာဝါတိုင်ရဲကင်းကို ည ၈ နာရီလောက်မှာ KIA၊ PDF ပူးပေါင်းဝင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ရှိတဲ့ရဲတွေကတော့ ထွက်ပြေးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ပြောက်ကျားစစ်ဆင်ရေးအနေနဲ့ ဝင်တိုက်တာပါ စခန်းမှာရှိတဲ့ ရဲတွေတော့ ထွက်ပြေးသွားတယ်၊ အဲ့စခန်းကို မီးရှို့နိုင်ခဲ့ပါတယ်”လို့ တော်လှန်ရေးအင်အားစုတွေနဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ မိနစ်အနည်းငယ်သာကြာမြင့်ပြီး အပြန်အလှန် မိနစ် ၂၀ လောက်သာ ပစ်ခတ်မှုရှိခဲ့တယ်လို့ဆိုပါတယ်။

KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီလက်အောက်ခံရဲစခန်းကို မီးရှို့ဖျက်စီးပြီး ပြန်လည် ထွက်ခွာသွားချိန်မှာ စစ်ကောင်စီတပ်က ကျေးရွာဘက်ကို လက်နက်ကြီး တွေနဲ့ ပစ်ခတ်တိုက်ခိုက် တာတွေပြုလုပ်ခဲ့တာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။