နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ကော့ကရိတ်)၊ ဇန်နဝါရီလ ၂၆ ရက်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း အင်အား ၁၀၀ ကျော်လောက်နဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေပိုင်းလောက်က တော်လှန်ရေးအင်အားစုတွေက ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ကမ်းနီကျေးရွာမှာတပ်စွဲပြီး အနီးနားကရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်စီးနေတဲ့ စစ်ကောင်စီတပ်ကို KNLA၊ KNDO နဲ့ PDF တွေက ဝင်ရောက်တိုက်ခိုက်ပြီး စခန်းကိုစီးနင်းနိုင်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် တွေကပြောကပါတယ်။
“ ကမ်းနီကျေးရွာမှာတပ်စွဲပြီး စစ်ကြောင်းထိုးနေတာ အင်အား ၁၀၀ ကျော်ပါတယ်၊ တော်လှန်ရေးတပ်ဖွဲ့ဝင် တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်တာ စစ်ကောင်စီတပ်ဘက်က အသေဆုံးတော့ရှိတယ်၊ ည ၁၂ နာရီလောက် လေယာဉ်နဲ့လာပစ်လို့ ပြန်ဆုတ်လာတာ”လို့ မြေပြင်တိုက်ပွဲမှာ ပါဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီတပ်စခန်းကို စီးနင်းပြီးချိန်မှာ စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ လာရောက်ဗုံးကျဲလို့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလ ၂၆ ရက်နေ့ မနက် ၉ နာရီလောက်မှာ ကမ်းနီကျေးရွာနဲ့ ကျုံဒိုးမြို့အခြေစိုက် BGF တပ်က ဗိုလ်ဝင်းအောင်ဦးဆောင်တဲ့ အဖွဲ့က လက်နက်ကြီးတွေနဲ့ ကျေးရွာကို ရမ်းသမ်းပစ်ခတ်ပြီး ကျေးရွာအုပ်ချုပ်ရေး မှူးရဲ့ နေအိမ်အပါဝင် ပြည်သူတွေရဲ့ နေအိမ်တွေကို လိုက်လံမီးရှို့ဖျက်စီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။