ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ ဇန်နဝါရီလ ၂၆ ရက်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံ စစ်ကောင်စီစစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ ဇန်န ဝါရီလ ၂၅ ရက် နေ့လည် ၁၂ နာရီဝန်းကျင်က လိုက်ထရပ်ယာဥ် ၁ စီးပေါ်သို့ ၄၀ မမ ဗုံးသီးကျည်ကျရောက် ပေါက်ကွဲကာ ၁ ဦးသေဆုံးခဲ့ပြီး ၇ ဦးဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါယာဥ်မှာ ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူးသွားရောက်မည့်ယာဥ်ဖြစ်ပြီး မုပ္ပလင်စစ်ကောင်စီ စစ်ဆေးရေးဂိတ်သို့အရောက်တွင် အစစ်ဆေးမခံဘဲမောင်းပြေးသည်ဟုဆိုကာ စစ်ကောင်စီတပ်က ပစ် ခတ်ခြင်းဖြစ်သည်ဟုဒေသခံများကပြောသည်။
“မုပ္ပလင်စစ်ဆေးဂိတ်မှာ ကားတွေကအကြာကြီးရပ်စောင့်နေရတာ၊ အဲ့ဒီကားဆရာကအကြာကြီးစောင့်နေရတာဆိုတော့ သူ့အလှည့်ရောက်တော့ ကားကိုမရပ်တော့ဘဲ ဘီးလိမ့်ရုံလေးနဲ့ အဲ့ဒီဂိတ်မှာပိုက်ဆံတောင်းနေတဲ့ အစောင့်တပ်သားကိုပိုက်ဆံပေးပြီး မောင်းထွက်တာ၊ အဲ့တာကို တခြားစစ်သားတွေကပိုက်ဆံပေးတာမတွေ့ဘဲ မောင်းပြေးတယ်ဆိုပြီး ပစ်လိုက်တာ” ဟု ကျိုက်ထိုဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါပစ်ခတ်မှုဖြစ်စဥ် စစ်တပ်ဝါဒဖြန့်မီဒီယာများနှင့် စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် ကျိုက်ထီးရိုးဘုရားဖူးကားအား KNU၊ PDF များမှ ပစ်ခတ်သဖြင့် ကားအမိုးပေါ်သို့ ၄၀ မမ ဗုံးသီး ကျရောက် ပေါက်ကွဲခဲ့သည်ဟု ဝါဒဖြန့်ဖော် ပြထား သည်။
“စုံစမ်းသိရှိရသလောက်တော့ ကားကိုတားတာမရပ်ပေးလို့ပစ်လိုက်တယ်ဆိုပြီး သိရတယ်၊ ဒီပစ်ခတ်မှုမှာ စစ်ကောင်စီလော်ဘီတယ်လီဂရမ်ချန်နယ်တွေကပြောနေသလိုမျိုးကျွန်တော်တို့ PDF ဘက်ကပစ်တာမဟုတ်ပါဘူး၊ ဒေသခံတော်လှန်ရေးအဖွဲ့တွေကလည်းမလုပ်ဘူး၊ PDFတပ်ရင်းတွေလဲမဟုတ်ဘူး၊ KNU/KNLA ဘက်ကလည်းမဟုတ်ဘူး ” ဟု သထုံခရိုင် PDF တာဝန်ရှိသူ ကိုအေးမင်းထွန်းမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဘုရားဖူးကားပစ်ခတ်ခံရမှုအခြေအနေနှင့်ပတ်သက် ၍ ဧရာဝတီတိုင်းမ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
ပစ်ခတ်မှုအတွင်း ယာဥ်ပေါ်ပါသူ ၁ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများအား ဆေးရုံသို့ပို့ဆောင်ထားပြီး တချို့မှာစိုး ရိမ်ရသည့်အခြေအနေတွင်ရှိသည်ဟုလည်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့်နှစ်အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း ကျိုက်ထီးရိုးဘုရားတောင်ခြေရှိတောင်တက်ကား ဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွားသဖြင့် ဘုရားဖူးဧည့်သည် ၃ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။