ဧရာ၀တီတိုင်းမ်
ဇန်နဝါရီလ ၂၆ ရက်
ကမ်းပြိုမှုများဆိုးရွားစွာဖြစ်ပွားနေသည့် ဧရာ၀တီတိုင်း၊ မြန်အောင်မြို့နယ်ရှိ ဧရာ၀တီမြစ်အတွင်း၌ မြစ်ကျောက်စုပ်မော်တော်များမှာ တရားမဝင်လုပ်ကွက်များတွင် မော်တော်အစီးရေ ဆယ်နှင့်ချီ၍ နေ့စဉ် ကျောက်စုပ်မှုများ (မြစ်ကျောက်ထုတ်လုပ်မှုများ) ပြုလုပ်နေကြောင်း သတင်းရရှိသည်။
စစ်ကောင်စီလက်အောက်ရှိ ဌာနဆိုင်ရာများက မြစ်ကျောက်ထုတ်လုပ်သော လုပ်ငန်းရှင်များကို တရား ဝင် ကျောက်စုပ်လုပ်ကွက်များ ချထားပေးသော် လည်း လုပ်ငန်းရှင်များက သတ်မှတ်လုပ်ကွက်ထက်ကျော်လွန်ကာ မြစ်ကြောတလျှောက် ၎င်းတို့အလိုရှိသမျှနေရာတိုင်း၌ ကျောက်စုပ် (မြစ်ကျောက်ထုတ်) ခြင်းများ ပြုလုပ် နေသဖြင့် ကမ်းပြိုမှုများ ပိုမိုဆိုး ရွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း သိရသည်။
“မြန်အောင်မြို့မှာ ကျောက်ထုတ်ဖို့အတွက် မြစ်ကျောက်စရစ်လုပ်ကွက်တွေ ချပေးထားတယ်။ သို့ပေမယ့် လုပ်ငန်းရှင်တွေက ရပ်ကျေး၊ မြို့နယ်၊ ခရိုင်က အုပ်ချုပ်ရေးမှူးအဆင့်ဆင့်ကို လာဘ်ထိုးထားတယ်။ အဲတော့ မြစ်ကြောင်းဖြိုးဌာနက ချပေးထားတဲ့လုပ်ကွက်ထက်ကျော်ပြီး သူတို့ကျောက်စုပ်ချင်တဲ့နေရာတွေ အကုန် လျှောက်ပြီး ကျောက်စုပ်နေတာ။ အဲတော့ လာမယ့်မိုးရာသီမှာ ကမ်းပြိုကမ်းစားမှုတွေ ပိုပြီးဖြစ်တော့မှာဗျ”ဟု မြန်အောင်ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မြစ်ကျောက်စုပ်လုပ်ငန်းရှင်များမှာ တနေ့လျှင် မော် တော်အစီးရေ ၃၀ကျော်ဖြင့်မြစ်ကြောင်းတလျှောက် မနက် ၆ နာရီမှ ည ၆ နာရီအထိ တောက် လျှောက် ကျောက်စုပ်နေခြင်းဖြစ်ပြီး ယင်းသို့လုပ်ဆောင်နေသူများမှာ ကနောင်မြို့မှ လုပ်ငန်းရှင် ဦးကျော်ခိုင်နှင့် ညောင်ကျိုးမြို့မှ ဦးလှမင်းတို့ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“အခုက ကနောင်ဈေးအရှေ့တည့်တည့်ကိုတက်ပီး ကျောက်စုပ်မော်တော်တွေ မောင်းနေတာ။ အခု လက်ရှိနေရာဆို လိုင်စင်မရဘဲကျော်ပြီး မောင်းနေတာပေါ့။ အဲနေရာကိုစုပ်ရင် သဲတွေက အရှေ့ဖက်ကို သောင်ပို့ရင် အနောက်ဖက်က နောင်ကမ်းပါးတွေ ပြိုနိုင်တယ်။ ကမ်းတွေပြိုရင် လယ်တွေယာတွေ ထပ်ပြီး မြစ်ထဲပါဦးမယ်။ အဆောက်အဦးတွေ၊ ရွာတွေအိမ်တွေလည်း ရွှေ့ရဦးမှာပေါ့။ လုပ်ငန်းရှင်တွေ ဒုက္ခပေးသမျှ အောက်ခြေပြည်သူတွေက ခံနေရတာ”ဟု ကနောင်မြို့ ဒေသခံတစ်ဦးက ပြောသည်။
ဟင်္သာတခရိုင်အတွင်းရှိ မြန်အောင်၊ အင်္ဂပူ၊ ကြံခင်းမြို့နယ်တို့တွင် မြစ်ကြောင်းများဖွံ့ဖြိုးတိုးတက်ရေးဌာနက ကျောက်စရစ်ထုတ်လုပ်ကွက်များ ချထားပေးသော်လည်း လုပ်ငန်းရှင်အချို့မှာ မြစ်ကျောက်များပိုမိုရရှိရေး အတွက် တားမြစ်ထားသောနေရာများတွင် ကျောက်စုပ်မှုများပြုလုပ်သဖြင့် နှစ်စဉ်ကမ်းပြိုကမ်းစားမှုများ ရင်ဆိုင်နေရကြောင်း ဒေသခံများထံက သိရသည်။
ဓာတ်ပုံ – ဟင်္သာတခရိုင်အတွင်းမြစ်ကျောက်စုပ်မော် တော်များ သဲ၊ကျောက်များစုပ်ယူနေစဥ်(ယခင်ပုံဟောင်းအသုံးပြုထားပါသည်)။