ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇန်နဝါရီလ ၂၆ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် ဒီကနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ကစတင်ပြီး ဆိုင်ကယ်စီးနင်းမောင်းနှင်ခွင့် စစ်ကောင်စီကပိတ်ပင်လိုက်တယ်လို့ ဒေသခံများထံမှသိရပါတယ်။

မနေ့က ကံပေါက် နဲ့ ဇာဒီကျေးရွာ တို့တွင် စစ်ကောင်စီသတင်းပေးနှင့်ပျူစောထီးများ ကို ဆိုင်ကယ်နဲ့လာရောက်ဆက်တိုက်ပစ်ခတ်ခဲ့လို့ အခုလို စစ်ကောင်စီက ထုတ်ပြန်လိုက်တာလို့ သိရပါတယ်။

“ကျမညနေက ဆေးခန်းပြဖို့ လှည်းကုန်းဖက်ကိုဆင်းတာ စစ်သားတွေကစစ်ဆေးနေကြတယ်။ပြီးတော့သူတို့ကပြောတယ် ဒီနေ့ တစ်နေ့ပဲ့ဆိုင်ကယ်စီးလို့ရမယ်နော်။မနက်ဖြန်ကစပြီး ဆိုင်ကယ် စီးနင်းမောင်းနှင်ခွင့်ကိုပိတ်မယ်။တကယ်လို့ လိုက်နာမှုမရှိပဲ ဆိုင်ကယ်စီးရင် ဖမ်းဆီးအပြစ်ပေးအရေးယူခြင်းကိုခံရမည်”လို့ ကိုယ်တိုင် စစ်ဆေးမေးမြန်းခြင်းခံရတဲ့ ကံပေါက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ဒီကနေ့ကစပြီး မော်တော်ကားဖြင့် သွားလာမှုများကိုသာ ခွင့်ပြုမှာဖြစ်ပြီး ဆိုင်ကယ် စီးနင်းမောင်းနှင်တဲ့သူတွေကို ရက်အကန့်အသန့်မရှိ ဖမ်းဆီး အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မနေ့က ညနေ ၆ နာရီခန့်အချိန်က စပြီး မောရဝတီရေတပ်ဌာနချုပ်မှ စစ်ကောင်စီတပ်သားများသည် ကံပေါက် အုပ်ချုပ်ရေးမှူးရုံးတွင် ကင်းပုန်းများဝပ်ကာ နေရာယူထားကြောင်း ဒေသခံများကပြောပါတယ်။