ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၅ ရက်
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ (၁) ရပ်ကွက်တွင် ယနေ့ မနက်ပိုင်းက စစ်တပ်အရာရှိ ဗိုလ်မှူးဟောင်းတစ်ဦးနှင့် လ .၀.က၀န်ထမ်းဖြစ်သည့် ၎င်း၏ဇနီးဖြစ်သူတို့ သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ မနက် ၈ နာရီခွဲအချိန်ခန့်က မရမ်းကုန်း (၁) ရပ် ကွက်၊ ၂ လမ်းသွယ်ထိပ်တွင် စစ်တပ်မှအရာရှိ ဗိုလ် မှူးဟောင်း ကျော်မင်းသန်းနှင့် ဇနီး စောမွန်မြတ်တို့ ပစ်ခတ်ခံရခြင်းဖြစ်ပြီး ပစ်ခတ်ခံရမှုကြောင့် နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိသည်။
“မနက်ဆို လင်မယားနှစ်ယောက်က လက်ဖက်ရည်ဆိုင်လာထိုင်နေကြ။ ဒီမနက်လည်း အဲ့ဒီလိုလာထိုင်ပြီး အပြန်မှာ ပစ်ခံရတာ။ သူ့မိန်းမက လ၀ကမှာလုပ်တယ်။ ယောက်ျားက စစ်တပ်ကလို့သိရတယ်။ ဘယ် လိုကြောင့် ပစ်ခံရတယ်တော့မသိဘူး။ ပွဲချင်းပြီးပဲ နှစ်ယောက်စလုံးက”ဟု ရပ်ကွက်နေထိုင်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပစ်ခတ်ခံရသည့် ဗိုလ်မှူးဟောင်း ကျော်မင်းသန်းသည် ရန်ကုန်မြို့ရှိ လှိုင်မြို့နယ်၊ စမ်းချောင်း၊ ကမာရွတ်မြို့ နယ်များရှိ လူငယ်များကို ၀င်ရောက်ဖမ်းဆီးရာတွင် ပါ၀င်သူဖြစ်ပြီး စစ်တပ်ကို သတင်းပေး(ဒလန်)ပြုလုပ်နေသူဖြစ်ကြောင်း ရန်ကုန်မြို့ပြပျောက်ကျားအဖွဲ့မှ ရဲဘော်တစ်ဦးက အတည်ပြုပြောဆိုသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မရမ်းကုန်း (၁) ရပ်ကွက်နှင့် ဘုရင့်နောင်ဘက်ခြမ်းကို စစ်တပ်မှ လမ်းပိတ်ဆို့ထားပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ညနေ ၆ နာရီကျော်အထိ ရပ်ကွက်အတွင်း ကင်းလှည့်နေမှုများရှိကြောင်း ဒေသခံများက ဆိုသည်။
သေဆုံးသူကျော်မင်းသန်းသည် ၂၀၁၈ ခုနှစ်က စစ်တပ်မှအငြိမ်းစားယူခဲ့သူဖြစ်ပြီး စစ်တပ်မှ အာဏာသိမ်းပြီးနောက် တပ်မှအငြိမ်းစားယူထားသူများနှင့် စစ်မှုထမ်းဟောင်းအရာရှိအချို့ကို စစ်ကောင်စီမှ သတင်း ပေး(ဒလန်)အဖြစ် လုပ်ဆောင်စေမှုစုံစမ်းမှုများပြုလုပ်ရန် အမိန့်ညွှန်ကြားထားမှုများရှိကြောင်း သိရှိရသည်။
#ရန်ကုန် #မရမ်ကုန်း #တပ်သတင်းပေး #ဗိုလ်မှူးဟောင်း #ဇနီး #ပစ်ခတ်ခံရ #သေဆုံး
#Ayeyarwaddy_Times
(ဓာတ်ပုံမှတ်တမ်း အပြည့်အစုံကို အောက်ပါ တယ်လီဂရမ်ချန်နယ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
https://t.me/ayeyarwaddytimes/7946