ဧရာဝတီတိုင်းမ်
(ဝမ်ဟိုင်း)၊ ဇန်နဝါရီလ ၂၅ ရက်
ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA၏ ဌာနချုပ်(ဝမ်ဟိုင်း)အပေါ်သို့ အာဏာသိမ်းစစ်ကောင်စီ၏ YAK-130 အမျိုးအစားဂျက်တိုက်လေယာဉ်သည် ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက် ၁၁ နာရီ ၅၀ မိနစ်ဝန်းကျင်အချိန်တွင် အကြောင်းမကြားဘဲ အနိမ့်ပျံသန်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဥ် ပျံသန်းမှုသည် ရန်စစော်ကားသည့်လုပ်ရပ်ဖြစ်ပြီး နောက်နောင် ဤကဲ့သို့ အကြောင်းကြားခြင်းမရှိဘဲ ဝမ်ဟိုင်းမြို့ပေါ်သို့ လေယာဉ်ပျံသန်းခြင်း၊ လေ့ကျင့်ခြင်များ ထပ်မံပြုလာလုပ်ပါက တပ်မတော်၏ တာဝန်သာဖြစ်ကြောင်း SSPP/SSAက ရေးသားထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အတွက်ကြောင့် တိုက်လေယာဉ်ပျံသန်းစေခဲ့သည်ကို သိရှိလိုကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက တပ်မတော်ငြိမ်းချမ်းရေး ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး (၂)ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်ထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဖြစ်စဉ် ဖြစ်ပွားသည့်အချိန်တွင် RCSS ဥက္ကဋ္ဌ စဝ်ယွတ်ဆစ်တို့နှင့် ဆွေးနွေးပွဲလုပ်ဆောင်နေသည့်အတွက် ၎င်း ကိုယ်တိုင်မသိရသေးကြောင်းနှင့် သိရှိရပါက အကြောင်းပြန်ပေးမည့်အကြောင်းဖြေကြားခဲ့သည်ဟု SSPP/SSA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/SSA အနေဖြင့် တနိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးထားခြင်းမရှိသော်လည်း စစ်အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီနှင့် နှစ်ကြိမ်ခန့်တွေ့ဆုံထားသည်။
အာဏာသိမ်းစစ်ကောင်စီအနေဖြင့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တပ်စခန်းတည်ရှိရာ နေရာများသို့ လေကြောင်းမှတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး ကရင်လက်နက်ကိုင်အဖွဲ့ (KNU)၊ ကချင်လက်နက်ကိုင်အဖွဲ့(KIA)၊ ချင်းလက်နက်ကိုင်အဖွဲ့(CNF/CNA)တို့၏တပ်စခန်းများကို လေကြောင်းမှတိုက်ခိုက်ခဲ့သလို (NCA)စာချုပ်လက်မှတ်ရေးထိုးထားသည့် ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော်(DKBA)မှ ထိပ်တန်းအရာရှိတစ်ဦး၏ နေအိမ်ကိုလည်း ပြီးခဲ့သည့်ရက်ပိုင်းက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ဓာတ်ပုံ – SSPP/SSA Info