ဧရာဝတီတိုင်းမ်
(တနင်္သာရီ)၊ ဇန်နဝါရီလ ၂၅ ရက်
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအနီးတွင် ဇန်နဝါရီလ ၂၃ ရက်နေ့မှစတင်ပြီး ယနေ့ဇန်နဝါရီလ ၂၅ ရက်နေ့အထိ စစ်ကောင်စီတပ်များနှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားလျှက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ဘန်းလမွတ်ရွာအနီးတွင် ယနေ့ဇန်နဝါရီလ ၂၅ ရက်၌ စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ကာ နေအိမ် ၄ လုံးမီးလောင်ကျွမ်းခဲ့ပြီး အော်ကြီးရွာအနီးရှိ ခမရ(၅၅၇)တပ်အနီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“တိုက်ပွဲက ၂၃ ရက်နေ့တည်းကစဖြစ်နေတာ။ ဒီနေ့လည်းဖြစ်နေတယ်။ ဘန်းလမွတ်ရွာမှာ စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်နေတယ်။ ရွာထဲက နေအိမ်၄လုံးလည်း မီးလောင်နေတုန်းပဲ၊ စစ်ကြောင်းထိုးလာပြီးတိုက်ပွဲဖြစ်တာ။ အင်အား ၁၀၀ ကျော်ပါတယ်။ တိုက်ပွဲစတဲ့နေ့ကနေပြီး စစ်ကောင်စီတပ်ရဲ့ ထိခိုက်ကျဆုံးမှုကိုတော့ သေချာမသိရသေးဘူး” ဟု တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ယမန်နေ့ကလည်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက တနင်္သာရီမြို့ပေါ်ရှိ စရဖရုံး၊ ဗောဓိကမ်းတံတားရှိစစ်ကောင်စီဂိတ်၊ တနင်္သာရီတံတားရဲကင်း၊ လ.ဝ.က ရုံး နှင့် ခမရ (၅၅၈) တပ်ရင်းတို့အား ဒရုန်းဖြင့်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရမှုများရှိသော်လည်း အတိအကျသိရခြင်းမသိရသေးကြောင်း တော်လှန်ရေးအဖွဲ့ဝင်များက ဆိုသည်။
“တိုက်ပွဲက ဘန်းလမွတ်ရွာအနီးနဲ့ အော်ကြီးရွာအနီးက ခမရ(၅၅၇)နားမှာ အဓိကဖြစ်နေတာ။ လက်နက်ကြီးတွေနဲ့ရမ်းသမ်းထုနေလို့ ဘန်းလမွတ်ရွာက ရွာသားအားလုံး ပြောင်းရွှေ့နေနေရတယ်။ မနေ့က ဗောဓိကမ်းတံတားဂိတ်နဲ့ မြို့တွင်းတနင်္သာရီတံတားရဲကင်း၊ ဗောဓိကမ်းတံတားစစ်တပ်ဂိတ်နဲ့ လဝကရုံးတွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်” ဟု တနင်္သာရီ(ပ.က.ဖ)တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်များနှင့် ၃ ရက်တာအတွင်း အပြင်းအထန်တိုက်ပွဲဖြစ်ပွားမှုများကြောင့် မြိတ်-တနင်္သာရီလမ်းပိုင်း အသုံးပြုနေသည့်ပြည်သူများအား သတိနှင့် သွားလာကြရန်၊ တော်လှန်ရေးတပ်ဖွဲ့များက စစ်ဆေးလျှင်လည်းကြည်ဖြူစွာ ပူးပေါင်းပါဝင်ပေးကြရန် တနင်္သာရီမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – တနင်္သာရီမြို့နယ်မှတော်လှန်ရေးတပ်ဖွဲ့ဝင်အချို့အား မြင်တွေ့ရစဥ်။