ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ၂၅ ရက်
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ လယ်တီကွင်းအုပ်စုတွင် အုပ်ချုပ်ရေးမှူး နှင့် စစ်ကောင်စီတပ်တို့က ကစားဝိုင်းများကို ဆက်ကြေးကောက်ယူပြီး လုံခြုံရေးယူပေးနေကြောင်း ဒေသခံများထံကသိရသည်။
အဆိုပါ လယ်တီကွင်းအုပ်စု အုပ်ချုပ်ရေးမှူး ဝင်းအောင်ထွန်းသည် လယ်တီအုပ်စု အုပ်ချုပ်ရေးမှူး မြင့်ဦး၊ စစ်ကောင်စီတပ် နှင့် ပူးပေါင်းကာ အောက်ကျင်းကျေးရွာတွင် လောင်းကစားဝိုင်းများ ပြုလုပ်နေကြောင်းဒေသခံများကပြောသည်။
“အဓိက လုပ်နေတာက အုပ်ချုပ်ရေးမှူး ဝင်းအောင်ထွန်းပါ။သူက ကျတော်တို့ ရွာရဲ့အုပ်ချုပ်ရေးမှူးနဲ့ပေါင်းပြီး လုပ်စားနေတာပါဗျ။ ခရိုင်၊ မြို့နယ်ရဲမှူးအပါဝင် ဌာနဆိုင်ရာတွေ၊ စစ်ကောင်စီတပ်တွေကို ဆက်ကြေးပေးပြီး လုပ်နေတာ ၃ လကျော်နေပြီ။ တစ်ပတ်ကို ၂ ရက်လောက်ပုံမှန်လုပ်နေတာပါ။ အဲ့လို လုပ်နေတာကို ဘယ်သူမှ မပြောရဲကြဘူး၊ သူက ခေတ်အဆက်ဆက် လောင်းကစားသမားကြီး ရဲတွေ၊ ဌာနဆိုင်ရာ တွေကိုပိုင်တဲ့စားဖားကြီးပေါ့ဗျာ။ ရဲတွေနဲ့စစ်ကောင်စီတပ် တွေကလဲ အရပ်ဝတ်နဲ့ လုံခြုံရေး ယူပေးနေကြတယ်”ဟု ဟင်္သာတ ဒေသခံအမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဒါ့ပြင် လောင်းကစားဝိုင်းများကို ဦးတင်ထွန်း ပိုင်ဆိုင်သည့် ခြံထဲတွင် လစဥ်ပြုလုပ်နေပြီး အုပ်ချုပ်ရေးမှူး ဝင်းအောင်ထွန်းမှ တစ်ကြိမ်လျှင် တစ်သိန်း ပေးကာ ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ ခြောက်ကောင် နှင့် အခြားလောင်းကစားများထည့်သွင်းပြုလုပ်နေကြောင်းဒေသခံများကပြောသည်။