ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇန်နဝါရီလ ၂၅ ရက်
တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ကံပေါက်ဒေသ တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တစ်ဦးနှင့် စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင်တစ်ဦးတို့မှာ ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ မနက် ၁၁ နာရီ ခွဲခန့်အချိန်က ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပစ်ခတ်ခံရသူ နှစ်ဦးဟာ ကံပေါက်ဒေသမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးခင်စိုးနှင့် သူ့ရဲ့တပည့် စစ်ကောင်စီသတင်းပေးပျူစောထီးအဖွဲ့ဝင် ဦးလှဌေး ဆိုသူဖြစ်ပြီး ကျည်ဆံ ၅ ချက်နဲ့ ပစ်ခတ်ခံရတာလို့ သိရပါတယ်။
“အုပ်ကြီးက နေ့လည်ထမင်းစားအချိန် ဆိုတော့ ရုံးကနေပြီး အိမ်ကိုပြန်လာတာ။သူ့အိမ်ကိုရောက်တာ အိမ်တံခါးကို ဖွင့် နေတုန်း မှာ ဆိုင်ကယ်နဲ့လာပြီး ပစ်သွားတာ။သေနတ်သံ ၅ ချက်ကြားလိုက်ရတယ်။ ပြီးမှ အုပ်ကြီးနဲ့ သူ့တပည့်အပစ်ခံရမှန်းသိတာ။ အိမ်ပေါ်မှာကတော့ သွေးတွေအများကြီးကျန်ခဲ့တယ်။အုပ်ကြီးနဲ့ သူ့တပည့်က ကံပေါက်မှာ အရမ်းဆိုးတဲ့သူတွေပါ။ပြည်သူတွေဆီက ငွေတွေကိုမတရားတောင်းယူတယ်။ရပ်ရွာဖွံ့ဖြိုးရေးရံပုံငွေ သိန်း တစ်ရာကျော်ကိုလည်း စစ်တပ်နဲ့ပေါင်းပြီး အတင်းအဓမ္မသိမ်းလိုက်တယ်။နောက်ပြီး ငါက အဖွဲ့အစည်းအားလုံးနဲ့ပိုင်တယ်ဆိုပြီး ရွာသားတွေကို အမြဲခြိမ်းခြောက်လေ့ရှိတယ်။ဒါကြောင့်သူအခုလိုပစ်ခံရတာ။သူပစ်ခံရတာကို ရွာသားတွေကို ဝမ်းမနည်းတဲ့အပြင် အရမ်းပျော်နေကြသည်”လို့ ကံပေါက် ဒေသခံတစ်ဦးက ဧရာဝီတိုင်းမ် ကို ပြောပါတယ်။
ယင်းပစ်ခတ်မှုဖြစ်စဥ်ကြောင့် အုပ်ကြီး နှင့် သူတပည့် နှစ်ဦးစလုံး သေနတ်ဒဏ်ရာအပြင်းအထန် ရရှိကာ ကံပေါက် အရေးပေါ်လူနာတင်ယာဥ်ဖြင့် မောရဝတီရေတပ် ဆေးရုံသို့တင်ဆောင်သွားပြီး လက်ရှိတွင် ဆေးကုသမှုခံယူနေရတယ်လို့ သူနဲ့နီးစပ်တဲ့ဒေသခံများက ပြောပါတယ်။
ယင်းပစ်ခတ်မှုကို မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းက ပြုလုပ်သွားတယ်ဆိုတာမသိရသေးပဲ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အုပ်ကြီး ခင်စိုးအိမ်သို့ စစ်ကောင်စီတပ်များ အများအပြားရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့တာ်လို့ ဒေသခံတွေက ဆိုပါတယ်။
ယနေ့ နံနက် ၁၀ နာရီခန့်အချိန်ကလည်း ဇာဒီကျေးရွာက ပျူစောထီးခေါင်းဆောင်စစ်ကောင်စီသတင်းပေး ဦးအေးဟန် ကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနတ်ကျည် လေးချက်နဲ့ လာရောက် ပစ်ခတ်သွားလို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။