ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၅ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က နိုင်ငံရေးအကျဉ်းသား ၁၂ ဦးကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၄ ရက်နေ့က အကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ်ထဲက သပိတ်ခေါင်းဆောင် ဦးဇော်မင်း ဦးအပါဝင် စုစုပေါင်း နိုင်ငံရေးအကျဉ်သား ၁၂ ဦးကို မဇွပ်ယန်အကျဉ်းထောင်ကို ပို့ဆောင်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

“ ကိုဇော်မင်းဦးက ၁၆ နှစ်ခွဲကျတယ်၊ ပြောင်းတဲ့အထဲမှာတော့ ၅၀၅ (က)နဲ့ ထောင်ချခံရတဲ့သူတွေများတယ်၊ အကုန်လုံးကို မဇွပ်ယန်ထောင်ကိုပို့လိုက်ပြီ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

မဇွပ်ယန်အချုပ်ထောင်ကို ပို့ဆောင်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီးခံရတဲ့သူ တွေများပြီး အမျိုးသမီးတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ဖားကန့်မြို့မရဲစခန်းကနေ မဇွပ်ယန်အချုပ်ထောင်ကို ပို့ဆောင်ခဲ့ထားဖြစ်ပြီး ထောင်ဝင်စာတွေ့ခွင့်တော့ မပေးသေးဘူးလို့ သိရပါတယ်။