ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၅ ရက်
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၃ ရပ် ကွက်ရှိ နေအိမ်တစ်အိမ်တွင် ယနေ့ နံနက် ၂ နာရီ ၂၂ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ယနေ့ နံနက်အစောပိုင်းက ၃၃ ရပ်ကွက်၊စိန်ပန်းမြိုင် ၁ လမ်းရှိ နေအိမ်တစ်အိမ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့် နေအိမ်ရှိ မိသားစု၀င် ၄ ဦး သေဆုံးသွားကြောင်း သွားရောက်ကူညီခဲ့သည့် ပရဟိတအသင်း အဖွဲ့တစ်ခုထံမှ သိရှိရသည်။
“မီးလောင်တဲ့သတင်းအရ ကျွန်တော်တို့ ထွက်ခွာလာတယ်။ Level 1 အဆင့်ပေါ့နော်။ နေအိမ်ထဲက မိသားစု ၄ ယောက်လုံး မီးထဲမှာပိတ်မိပြီး သေဆုံးသွားပါတယ်။ ကျား ၁ ဦး၊ မ ၃ ဦးလို့သိရပေမယ့် အသေးစိတ်တော့ မပြောနိုင်သေးဘူးဗျ”ဟု ပရဟိတအသင်းတာ၀န်ရှိသူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မီးလောင်မှုအတွင်းသေဆုံးသွားသူများမှာ နေအိမ်ပိုင်ရှင် သားအမိ ၂ ဦးနှင့် အကူသူနာပြုအမျိုးသမီး ၂ ဦးဖြစ်ကြောင်း ရပ်ကွက်နေထိုင်သူတစ်ဦးကပြောသည်။
” အဲ့ဒီအိမ်က အသက် ၉၀ ကျော်အမေကြီးရယ်၊ သူ့သားရယ်၊ အမေကြီးကို ပြုစုဖို့ငှားထားတဲ့ Home Nurse ကောင်မလေး ၂ ယောက်သေသွားတာလို့သိရတယ်။ ညက ၃ နာရီခွဲလောက်ထိလမ်းထဲရှုပ်ယှက် ခတ်နေတာ” ဟု ရပ်ကွက်နေအမျိုးသမီးတစ်ဦးကပြောသည်။
မီးလောင်မှုကို နာရီ၀က်ကျော်ကြာ ငြိမ်းသတ်ခဲ့ရပြီး မီး လောင်မှုမှာ မည်သည့်အကြောင်းကြောင့်ဖြစ် ပွားသည်ကို မသိရှိရသေးဘဲ စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း ရန်ကုန်မီးသတ်တပ်ဖွဲ့ထံမှသိရသည်။