ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၅ ရက်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့များကို လင်းယုန်နီအဖွဲ့က ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ၂၃ ရက်အတွင်း ၁၀ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၅ဦးသေဆုံးပြီး ၃၀ နီးပါးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
လင်းယုန်နီအဖွဲ့က စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များကို ၆၀မမ၊ ၈၀မမ၊ ၁၂၀မမ အစရှိသည့် လက်နက်ကြီးများအပြင် ဒရုန်းနှင့် မိုင်းများပါ အသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း လင်းယုန်နီအဖွဲ့ထံမှသိရသည်။
“ကျွန်တော်တို့အဖွဲ့က လက်နက်အစစ်မရှိသေးဘဲ ရှိတာလေးနဲ့ တိုက်လာခဲ့တာ။ ထိပ်တိုက်ရင်ဆိုင်တာမလုပ်ပဲ ပြောက်ကျားစနစ်နဲ့ပဲ တိုက်ခိုက်ခဲ့တာပါ။ ကျွန်တော်တို့နယ်ဘက်က ပျူစောထီးအဖွဲ့တွေ အင်အားကောင်းတယ်ဗျ။ ကျွန်တော်တို့က စိတ်ဓာတ်နဲ့ လူအင်အားတော့ရှိတယ်။ လိုအပ်နေတာက လက်နက်တပ်ဆင်ပေးဖို့ပါပဲ။ လက်နက်အပြည့်အစုံရှိရင် စစ်ကောင်စီတွေကို ဒီထက်များများတိုက်ခိုက်နိုင်မှာပါ” ဟု လင်းယုန်နီ ကန့်ဘလူအဖွဲ့ခေါင်းဆောင် ဗိုလ်လင်းယုန်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဇန်နဝါရီလ ၂၃ ရက်နေ့အထိ လင်းယုန်နီကန့်ဘလူအဖွဲ့မှတိုက်ခိုက်ခဲ့သော နေရာများမှာ ကွင်း၉ အထိုင်စခန်း၊ ယောပျူရွာ ၊ငါတို့ပျူရွာ ၊ဇာဒီပျူရွာ ၊ချောင်းကန်ပျူရွာ ၊နတ်အင်းပျူရွာ ၊ညောင်ကိုင်းပျူရွာ ၊ စံပယ်နံ့သာ အထိုင်စခန်း နှင့် ညောင်ဇင်လေးပျူရွာ တို့ဖြစ်ကြောင်းအဆိုပါအဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်။