ဧရာဝတီတိုင်းမ်
(ယင်းမာပင်)၊ ဇန်နဝါရီလ ၂၅ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာ ၇ ရွာအား စစ်ကောင်စီတပ်များမှ ဇန်နဝါရီလ ၂၃ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် စစ်ကြောင်းထိုးဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ကနီမြို့နယ်တိုက်ပွဲများအတွင်း PDF များ၏ တိုက်ခိုက်မှုများကြောင့် အထိနာ၍ ပြန်လည်ဆုတ်ခွာလာရသည့် စစ်ကောင်စီတပ်သားများသည် ယင်းမာပင်မြို့နယ်ရှိ ကျောက်မှော်အုပ်စု အင်းပါတ်၊ ကြက်လျှာ၊ ကျောက်ကုန်း၊ နှောပင်၊ ကျွန်းပေါ်၊ ကျောက်မှော်၊ ပန်းတိမ်ပြင် ရွာများမှ နေအိမ်ပေါင်း ၁၀၂ လုံးအားမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ရေကြောင်းကို ရှေ့ဆက်အထက်ဆန်တတ်မရလို့ ပြန်လှည့်လာတဲ့ တပ်သားတွေက ဝင်ရှို့တာ။ ၁၂ နာရီလောက်တည်းက။ ကနီဘက်ကနေ ရေကြောင်းပြန်ဆင်းလာတာ။ ကျောက်မှော်အရောက်မှာ သောင်တင်ပြီး တိုက်ပွဲဖြစ်သေးတယ်။ အဲ့ဒီမှာအထိနာပြီး မီးရှို့နေတာ။ ကျောက်ကုန်းရွာ၊ ကြက်ရှာရွာ၊ အင်းဘက်ရွာ တင်အိမ်ခြေ ၁၀၀၀ကျော်ရှိတယ်။ ရွာတွေတစ်ခုနဲ့တစ်ခု ဆက်နေတာ” ဟု ယင်းမာပင်ဒေသခံ အမျိုးသမီးတစ်ဦးမှ ဧရာဝတီတိုင်းကိုပြောသည်။

အဆိုပါ ကျေးရွာ ၇ ရွာကို ဇန်နဝါရီလ ၂၃ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် စတင်မီးရှို့ခံခဲ့ရကာ စစ်ကြောင်းပြန်ထွက်သွားသည့် ညနေ ၄ နာရီဝန်းကျင်မှ ဝင်ရောက်မီးငြိမ်းသတ်နိုင်ခဲ့ပြီး စစ်ဘေးရှောင်ဒေသခံ ၁၀၀၀ ဝန်းကျင်မှာ လုံခြုံသည့်နေရာများတွင် ရှောင်တိမ်းနေထိုင်နေရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သားများပါဝင်သည့် ရေယာဉ်များမှာ ယင်းမာပင်နှင့် ကနီမြို့နယ်ကြားရှိ ချင်းတွင်းမြစ်အတွင်းသောင်တင်နေပြီး ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် မကြာခဏ တိုက်ပွဲများဖြစ်ပွားနေကာ စစ်ကောင်စီတပ်များမှာ အထိနာနေသည့်အတွက် နီးစပ်ရာကျေးရွာများအား စစ်ကြောင်းထိုးဖျက်ဆီးနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။