ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၅ ရက်
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီခန့်ထားတဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ် အဖွဲ့တွေပေါင်းပြီး ပြည်သူတွေကို ဧည့်စာရင်းစစ်ကာ အိမ်ထောင်စုစာရင်းမရှိရင် ဒဏ်ငွေ ၁၅၀၀၀ ဒဏ်ရိုက် တာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
အမှတ် ၉ ရပ်ကွက်မှာ ဇန်နဝါရီလ ၂၃ ရက်နေ့က ပြည်သူ့စစ်ခေါင်းဆောင် ခင်မောင်ထွေး ဦးဆောင်ပြီး သတင်းပေး ဆယ်အိမ်မှူး စန်းထွေးနဲ့ အောင်ကျော်မြင့်တို့က ဒေသခံပြည်သူတွေကို စစ်တပ်ကိုဖုန်းဆက်ရမလား ခြိမ်းခြောက်ပြီး အနိုင်ကျင့်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
“ပြည်သူ့စစ်ခေါင်းဆောင် ခင်မောင်ထွေး၊ ပြီးတော့ အောင်ရိပ်သာလမ်းက စန်းထွေးနဲ့ ခိုင်ရွှေဝါလမ်းက အောင်ကျော်မြင့်တို့မွှေနေတာ သူတို့က ဆယ်အိမ်မှူးတွေ ပြည်သူ့စစ်က တစ်ဖွဲ့လုံးပါတယ်၊ ပြည်သူတွေကို ညဘက် ဧည့်စာရင်းစစ်ပြီး ဒဏ်ငွေရိုက်နေတာ” လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဧည့်စာရင်းစစ်တဲ့အခါမှာလည်း အိမ်ထောင်စုစာရင်းမရှိတဲ့သူတွေကို ရုံးကိုလာဖို့ပြောဆိုပြီး ဒဏ်ငွေ ၁၀၀၀၀ ကနေ ၁၅၀၀၀ ခွဲပုံမှန် ငွေတောင်းလေ့ရှိတယ်လို့ ဆိုပါတယ်။
ညဘက် ဧည့်စာရင်းလိုက်စစ်ဆေးတဲ့အခါမှာလည်း ပြည့်သူစစ်အဖွဲ့တွေကို ခေါ်လာသလို ဒေသခံပြည်သူ တွေကို ငွေတောင်းမရတဲ့အခါမျိုးမှာ စစ်တပ်ကိုခေါ်လိုက်ရမလား ခြိမ်းခြောက်ကာ ငွေတောင်းလေ့ရှိတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။