ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၄ ရက်
ကရင်ပြည်နယ်၊ KNLA တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့၊ တံတားဦးရွာ အနီးမှာ ဒီကနေ့ ဇန်နဝါရီလ ၂၄ ရက် မနက် ၇ နာရီခွဲလောက်က စစ်ကောင်စီတပ်တွေနဲ့ ကရင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား ထိတွေ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ကျိုက်ဒုံကနေ ဘုရားသုံးဆူဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ တပ်မ ၄၄ လက်အောက်ခံ ခမရ ၃ ၊ ကျိုက်ဒုံအခြေစိုက် ခမရ ၅၄၅ ပူးပေါင်းတပ်တွေနဲ့ ကရင်ပူး ပေါင်းတပ်ဖွဲ့စစ်ကြောင်းတွေ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပြီး စစ်ကောင်စီဘက်ကထိခိုက်သေဆုံးဒဏ်ရာရတွေရှိတယ်လို့ သိရပါတယ်။
”ဘုရားသုံးဆူဘက်ကိုသွားမယ့်စစ်ကြောင်းလို့ယူဆရတယ်၊ တပ်မ ၄၄ နဲ့ ခမရ ၅၄၅ က တပ်တွေနဲ့ တိုက်ပွဲဖြစ် တာ။ သူတို့စစ်ကြောင်းထဲကို RPG တည့်တည့်ထိတယ်။ စစ်ကောင်စီဘက်က ၃ ယောက် သေတယ်၊ ၇ ယောက် ၈ ယောက်လောက်တော့ ဒဏ်ရာရတယ်လို့သိရတယ်” လို့ KNLA တပ်မဟာ ၆ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၃ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တောင်ကလေးအခြေစိုက် ကုတင် ၁၀၀ စစ်ဆေးရုံ (တဆရ ၂/ ၁၀၀) ကိုပို့ဆောင်ကုသနေတယ်လို့ နယ်မြေခံတပ်သတင်းရင်းမြစ်ကအတည်ပြုပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေစဉ်မှာ စစ်ကောင်စီတပ်ဘက်က အထိ နာခဲ့လို့ စကခ ၁၂ လက်အောက်ခံ ကျိုက်ဒုံအခြေစိုက် ခမရ ၅၄၅ နဲ့ ၅၄၆ တပ်ရင်းတွေကနေ လက်နက်ကြီးပစ်ကူတွေအဆက်မပြတ်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
မနေ့ညပိုင်းမှာ ဘုရားသုံးဆူမြို့ပေါ်က စစ်ကောင်စီတပ်လက်အောက်ခံ ထွေအုပ်၊လဝက၊စရဖ၊စည်ပင် စတဲ့ ဌာနဆိုင်ရာ ရုံးနဲ့လိုင်းခန်းအဆောက်အဦတွေမီးရှို့ခံခဲ့ရပြီး ဒီကနေ့မနက်ပိုင်းမှာလည်း ကျိုက်ဒုံမြို့တဝိုက်မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။