ဧရာ၀တီတိုင်းမ်
ဇန်နဝါရီလ ၂၄ ရက်
စစ်တပ်ဟူသည် ပြည်သူလူထုပေးသော လစာကိုစားနေသည့် ပြည်သူ့ဝန်ထမ်းသာဖြစ်သည်။ ပြည်သူကျွေးသော ထမင်းကိုစားနေသောစစ်တပ်သည် ထမင်းရှင်ဖြစ်သော ပြည်သူလူထု၏ကံကြမ္မာကို ဝင်ရောက်ချယ်လှယ် ဆုံးဖြတ်ပေးရန် အကြောင်းမရှိပေ။ စစ်တပ်၏တာဝန်က ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့သာ ဖြစ်သည်။
သို့သော် အင်မတန်ရက်စက်ကြမ်းကြုတ်သဖြင့် ဖက်ဆစ်စစ်တပ်ဟု ခေါ်ဝေါ်ခံရသည့် မြန်မာ့တပ်မတော်သည် ၂၀၂၁ ခုနှစ်၊ မတ်လတွင် ပြည်သူတင်မြှောက်သောအစိုးရကို ဖမ်းဆီးအကျဉ်းချပြီး တိုင်းပြည်ကို လက်နက် အားကိုးဖြင့် အဓမ္မအာဏာသိမ်း ခဲ့သည်။
လက်ရှိ အာဏာသိမ်းမှု ၂ နှစ်နီးပါးကြာချိန်တွင် စစ်တပ်က ပြည်သူပေါင်း ၂၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး လူပေါင်း ၁၃၀၀၀ ကျော်ကို ဖမ်းဆီးထောင်ချထားသည်။ နေအိမ်အလုံးပေါင်း ၄ သောင်းကျော်ကို စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီတပ်များ၏ထိုးစစ်ဆင်မှုကြောင့် လူပေါင်း ၁ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။ ယနေ့အထိလည်း စစ်တပ်က ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်ကာ ကျေးရွာ များကို မီးရှို့နေဆဲဖြစ်သည်။
ပြည်သူကို နည်းလမ်းပေါင်းစုံဖြင့် အကြမ်းဖက်နေပြီး တိုင်းပြည်ကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသော စစ်တပ်က လက်ရှိ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် အထွေထွေရွေးကောက်ပွဲကျင်းပပေးမည်၊ အနိုင်ရသည့်ပါတီ အာဏာလွှဲ ပေးမည်ဟု ကြေညာထားသည်။
နေ့စဉ်နှင့်အမျှ ကိုယ့်ပြည်သူ ကိုယ်ပြန်သတ်နေသည့်စစ်တပ်၊ ကိုယ့်လူထုရွာတွေ ကိုယ်တိုင်မီးရှို့နေသော မြန်မာစစ်တပ်၏ရွေးကောက်ပွဲကို NUG အစိုးရ၊ KNU၊ KIO နှင့် KNPP အပါအဝင် ပြည်တွင်းတော်လှန်ရေး အင်အားစုများက လုံး၀ လက်မခံကြောင်း ကြေညာထားသည်။
အလားတူ အမေရိကန်အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း စစ်အုပ်စု၏ရွေးကောက်ပွဲကို လုံး၀ အယုံအကြည် မရှိသဖြင့် အသိအမှတ်ပြုမည် မဟုတ်ကြောင်း ကြိုတင်ပြောဆိုထားသည်။
စစ်တပ်၏နည်းမျိုးစုံဖြင့် အကြမ်းဖက်ဖိနှိပ်မှုကို ကျောကော့အောင်ခံနေရသည့် မြန်မာပြည်သူလူထုကလည်း စစ်အုပ်စု၏ ၂၀၂၃ ရွေးကောက်ပွဲကို နည်းမျိုးစုံဖြင့် ဆန့်ကျင်ကြမည့်သဘောထားများ ထုတ်ဖော်ပြောဆို နေကြသည်။
ထို့ကြောင့် အကြမ်းဖက်စစ်အုပ်စု၏ရွေးကောက်ပွဲမှာ အမှန်တကယ် လူထုအတွက်လား၊ စစ်ရာဇဝတ်မှုပေါင်း များစွာ ကျူးလွန်ထားသော ရာဇဝတ်သား စစ်ခေါင်းဆောင်တွေအတွက် ထွက်ပေါက်ပေးလားဆိုတာ မြန်မာပြည်ရှိ နိုင်ငံရေးသမားများ သုံးသပ်ကြဖို့လိုသည်။ ၂၀၂၃ ရွေးကောက်ပွဲသည် စစ်တပ်က ပြင်ဆင်ထားသည့် နိုင်ငံရေးထောင်ချောက်တစ်ခု ဆိုတာကိုလည်း နိုင်ငံရေးပါတီများ အသေအချာ သဘောပေါက်ကြဖို့ လိုသည်။
မြန်မာနိုင်ငံ၏ လက်ရှိကြုံတွေ့နေသော အကြီးမားဆုံးနိုင်ငံရေးပြဿနာမှာ စစ်တပ်က တိုင်းပြည်နှင့်လူထုအပေါ် နှစ်ပေါင်း ၆၀ နီးပါး နည်းမျိုးစုံဖြင့် လူပါး၀၊ အနိုင်ကျင့်၊ အကြမ်းဖက် ဂုတ်သွေးစုပ်နေသောကိစ္စ ဖြစ်သည်။ ယင်းနိုင်ငံရေးပြဿနာကို ရွေးကောက်ပွဲနည်းလမ်းဖြင့် ဖြေရှင်း၍မရနိုင်တော့သည်ကို ပြည်မရှိ နိုင်ငံရေး ပါတီများနှင့် တိုင်းရင်းသားပါတီများ သဘောပေါက်ကြဖို့ အထူးလိုအပ်သည်။
စစ်တပ်က ၁၉၉၀ ခုနှစ်တွင် အနိုင်ရပါတီကို အာဏာအပ်ပြီး စစ်တန်းလျားပြန်မည်ဟု ကတိပေးကာ ၁၉၉၀ ရွေးကောက်ပွဲကို ဦးဆောင်ကျင်းပသည်။ သူတို့ မနိုင်စေချင်သည့် NLD ပါတီ နိုင်သွားသဖြင့် အာဏာလွှဲ မပေးဘဲ နည်းမျိုးစုံဖြင့် အာဏာဆက်လက်ကိုင်စွဲခဲ့တာ မမေ့ဖို့လိုသည်။
စစ်တပ်က ၂၀၀၈ ဖွဲ့စည်းပုံကို လူထုဆန္ဒမပါဘဲ ၁၄ နှစ်ကျော် အချိန်ဆွဲပြီး ရေးဆွဲပြဌာန်းခဲ့တာ မမေ့ကြဖို့ လိုသည်။ စစ်တပ်က စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၀၈ ခြေ/ဥကို အခြေခံပြီးကျင်းပသည့် ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီက ကြိုတင်မဲများဖြင့် အကြီးအကျယ် မဲလိမ်မဲခိုး အနိုင်ယူခဲ့တာ မမေ့ကြဖို့ လိုသည်။
ဘောင်းဘီချွတ် စစ်ဗိုလ်ချုပ်ကြီးများက အရပ်သားအစိုးရဟုကြွေးကြော်ကာ တိုင်းပြည်ကို အသွင်ပြောင်း အုပ်ချုပ်ခဲ့တာ မမေ့ကြဖို့လိုသည်။ သူတို့တည်ထောင်ထားသော ကြံ့ခိုင်ရေးပါတီ အနိုင်ရချိန်က ဘာမှမဖြစ်ဘဲ NLD ပါတီ ၂ ကြိမ်ဆက်နိုင်တော့မှ စစ်တပ်က ညစ်ပတ်ပြီး အာဏာသိမ်းခဲ့တာကို မမေ့ကြဖို့ လိုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိနေသရွေ၊ စစ်တပ်က နိုင်ငံရေးထဲ ဝင်ရှုပ်နေသရွေ့ မြန်မာနိုင်ငံသည် ဘယ်သောအခါမျှ ဒီမိုကရေစီမရနိုင်တာကို မမေ့ကြဖို့လိုသည်။ စစ်တပ်သည် နိုင်ငံရေးကတိကဝတ်များကို အကြိမ်ကြိမ်ချိုးဖောက်ကာ နိုင်ငံရေအင်အားစုများအပေါ် နည်းမျိုးစုံဖြင့် လိမ်လည်လှည့်ဖျား၍ ယုတ်မာကောက်ကျစ်ခဲ့တာကို မမေ့ကြဖို့လိုသည်။
လက်ရှိတွင် ပြည်သူလူထုသည် စစ်တပ်အပေါ် အလွန်အမင်း နာကြည်းမုန်းတီးနေသည့်အတွက် စစ်တပ်လုပ်သည့် ရွေးကောက်ပွဲဝင်သောပါတီများကို လူထုက နိုင်ငံရေးသစ္စာဖောက်၊ သမိုင်းတရားခံများ အဖြစ် သတ်မှတ်မည့်အရေးကို မမေ့ကြဖို့ လိုသည်။
လူထုက မုန်းတီးနေသည့်အတွက် စစ်အုပ်စု၏ ရွေးကောက်ပွဲဝင်မည့်ပါတီများနှင့် အမတ်လောင်းများအပေါ် နည်းမျိုးစုံဖြင့် ဆန့်ကျင်လာမည့်အရေးကိုလည်း နိုင်ငံရေးပါတီများ မမေ့ကြဖို့ အထူးပင် လိုအပ်ပါသည်။
နိုင်ငံရေးပါတီဟူသည် လူထုကို အခြေခံရသည်။ လူထုကို မျက်နှာမူရသည်။ ပြည်သူလူထု၏ဆန္ဒ၊ လိုလားချက်နှင့် အခက်အခဲ ပြဿနာများကို ဖြေရှင်းပေးရန် ကြိုးပမ်းရသောအဖွဲ့အစည်းဖြစ်သည်။ လက်ရှိ မြန်မာပြည်သူလူထု၏ဆန္ဒသည် မြန်မာ့မြေပေါ်၌ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးပါတီများ သမိုင်းတရားခံမဖြစ်လိုလျှင် စစ်အုပ်စု၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ လိုသည်။
မည်သည့်ပါတီက လူထုကို မျက်နှာမူသလဲ၊ မည်သည့်ပါတီက လူထုကိုကျောခိုင်းပြီး စစ်တပ်ကို ရွေးချယ်သွားသလဲဆိုတာ မြန်မာပြည်သူလူထုက အသေအချာစောင့်ကြည့်နေကြသည်။